ဆောင်းပါး

လူငယ်နှင့် ဘာသာရေး

YoungReligon

၂၁ ရာစု ရောက်ရှိလာသည့်အချိန်တွင် အဖက်ဖက်မှ တိုးတက်လာမှုများနှင့်အတူ ဆုတ်ယုတ်လာသည့်အ‌ရာများသည်လည်း ဒုနဲ့ဒေး ရှိလျက်ပါ။ အရာရာ သိပ္ပံနည်းကျ တွေးခေါ်ဖန်တီးမှုများနှင့် ခေတ်မှီစက်ကိရိယာများနောက်လိုက်ရင်း ၂၁ ရာစုလူငယ်များသည် မိမိတို့၏ ကိုးကွယ်ယုံကြည်မှု ဘာသာရေးအပေါ် အားနည်းချက်များ ရှိလာကြသည်မှာ အမှန်ပါ။ လူ‌ငယ်များနှင့် ဘာသာရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး၊ ပြောင်းလဲလာသည့် အချက်အလက်များနှင့် ဘယ်လိုမျိုး ပြုပြင် ပြင်ဆင်နိုင်မလဲဆိုတာ ဆွေးနွေးတင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံမှာ ရှိသည့် လူဦးရေ၏ ထက်ဝက်ကျော် ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူ စတဲ့ ဘာသာများတွင်လည်း အများစု ကိုးကွယ်မှုများ ရှိကြပြီး၊ နတ်ကိုးကွယ်မှုနှင့် ဘာသာမဲ့အရေအတွက်များတွင် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်မျှသာ ရှိသည်လို့ သတ်မှတ်နိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဘာသာရေးအခြေအနေ ကိုးကွယ်ယုံကြည်မှုသည် ထိုနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ လူမူရေးနှင့် ကျန်းမာရေးစသည့် အခြေအနေများပေါ်တွင် သက်ရောက်မှု အနည်းနှင့် အများ ရှိတတ်ကြပါသည်။

ဥပမာအားဖြင့် လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသည့် Covid 19 ‌ရောဂါမျိုးတွင် ကျန်းမာရေးကပ်ဆိုးကြီးများကြောင့်လည်း ဘာသာရေးပွဲများ၊ အလှူအတန်းများ၊ တရားပွဲများ ကျင်းပခြင်း မပြုလုပ်နိုင်တော့ဘဲ ရပ်နားလိုက်ရခြင်းများ ကြုံတွေ့ရသည့်အခါ လူငယ်များအတွက် ဘာသာရေးနှင့် ထိတွေ့မှုကို အနည်းငယ် ထိခိုက်စေမှုများ ဖြစ်ပေါ်စေခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်လူငယ်အများစုသည် သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်တတ်မှုလာမှုများ များပြားလာကြခြင်းကြောင့် လူငယ်များနှင့် ဘာသာရေးဆရာများအတွက် ပြင်ပထိတွေ့ဆက်ဆံမှု၊ လမ်းညွှန်ပြသမှု၊ ဆွေးနွေးမှုများသည် ယခင်ကထက် ပိုမို၍ လိုအပ်လာကြခြင်းမျိုးဖြစ်ပြီး လူငယ်များ၏ အတွေးအခေါ် မေးခွန်းများအား အချိန်ပေး၍ ပြန်လည်ဖြေကြားပေးကာ လူငယ်များအား ဘာသာရေးနှင့် ပိုမိုနီးကပ်စေမှု ဖြစ်ပေါ်စေနိုင်ပါသည်။

အဓိကအားဖြင့် လူငယ်အများ၏ နေ့စဉ်လုပ်ဆောင်ချက်များ, တာဝန်များနှင့် လေ့လာသင်ယူစရာ အသစ်အဆန်းတွေကြောင့် ဘာသာရေးအပေါ်တွင် အချိန်ပေးမှုအားနည်းလာကြပြီး မိမိကိုယ်တိုင်သက်ဝင်ယုံကြည်မှုထက် မိရိုးဖလာကိုးကွယ်ယုံကြည်မှုဘက်ကို ရောက်ရှိလာကြသည်ပင် ဖြစ်ပါသည်။ ၂၁ ရာစုတွင် နေ့စဉ်အသစ်အသစ်သော လေ့လာစရာများနှင့်အတူ သိပ္ပံနည်းကျ တွေးခေါ်လုပ်ဆောင်လာမှုများသည်လည်း ဘာသာရေးအပေါ် အလေးပေးမှုများအတွက် အားနည်းချက်များ ဖြစ်ပေါ်လာခဲ့သည်ပင် ဖြစ်သည်။

ထို့ကြောင့် ယနေ့ခေတ်အခါတွင် လူငယ်များအား အတင်းအကျပ် ဘာသာရေး ကိုးကွယ်ယုံကြည်စေတာမျိုး မဖြစ်ပေါ်စေဘဲ ယင်းအတွက် အချိန်ယူကာ ရှင်းပြ လမ်းညွန်ပြသခြင်း၊ ဖတ်သင့် လေ့လာသင်ယူသင့်သော စာအုပ်စာတမ်းများ ရွေးချယ် ဖတ်ကြားစေခြင်း၊ လူငယ်အချင်းချင်း ဆွေးနွေးတိုင်ပင်ရန် အချိန်ပေးခြင်းမျိုးများနှင့်အတူ လွတ်လပ်စွာဖြင့် ကိုးကွယ်သည့် ဘာသာအလိုက် လေ့လာယူခွင့်ပေး၍ ရင်းနှီးကျွမ်းဝင်စေခြင်းမျိုးသည်သာ ပိုမိုထိရောက်စေနိုင်မည် ဖြစ်တာကြောင့် စိတ်ရှည်စွာ လမ်းပြမှုများနဲ့အတူ အချိန်ပေး၍ လက်တွဲခေါ်ယူရန် လိုအပ်သည်ဖြစ်ကြောင်း ဖော်ပြပါ အကြောင်းအရာလေးများကို မျှဝေတင်ပြလိုက်ပါသည်။