ပညာရေး, အထွေထွေသိမှတ်စရာ

လက်စွပ်လက်တိုင်း ဘယ်လိုတိုင်းမလဲ?

How to measure Ring Size BW

တိုးတက်ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အညီ Online Shopping တွေလည်း ယနေ့ခေတ်မှာ အလွန်ခေတ်စားလို့လာပါပြီ။ ဈေးဝယ်သူများသည်လည်း ပစ္စည်းတစ်ခု ဝယ်ယူနိုင်ဖို့အတွက် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်စုံစမ်းပြီး နေပူထဲမှာ အပင်ပန်းခံစရာ မလိုတော့ပါ။ မိမိလိုချင်တဲ့ မည်သည့်ပစ္စည်းမျိုးကိုမဆို ဖုန်းလေးတစ်ချက်နှိပ်၍ ရှာကြည့်လိုက်ရုံဖြင့် အပြင်သွားစရာမလိုပဲ ကိုယ့်အိမ်နေရာကနေပဲဖြစ်ဖြစ်၊ သက်တောင့်သက်သာဖြစ်စေတဲ့ မည်သည့်နေရာကနေပဲဖြစ်ဖြစ် ဘယ်မှသွားစရာမလိုပဲ ရယူနိုင်နေပြီဖြစ်ပါသည်။

သင်ဟာ ရွှေချစ်သူတစ်ယောက်လား? လူကြီး၊ လူငယ်မရွေး ဝတ်ဆင်တတ်ကြတဲ့ ရွှေလက်စွပ်လှလှလေးတွေကို ဝတ်ဆင်ရတာ သဘောကျတဲ့သူ တစ်ယောက်လား? ဒါဆို ရွှေလက်စွပ်ကိုရော Online ကနေ ဘယ်လိုမျိုး မှာယူကြမလဲ? Online ကနေ မှာယူမယ်ဆိုရင်တော့ ကိုယ့်ရဲ့လက်စွပ် Size ကို သိဖို့လိုမယ်နော်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့လက်စွပ် Size ကိုသိဖို့ ဘယ်လိုမျိုးတိုင်းတာကြမလဲဆိုတာနဲ့ပက်သက်ပြီး တွေးမပူပါနဲ့။ ကိုယ့်ရဲ့လက်စွပ် Size ကိုဘယ်လိုမျိုးသိနိုင်မလဲဆိုတာ ပြောပြပေးမယ်နော်။ တိကျသည့်ကိုယ့်ရဲ့ လက်စွပ် Size ကို သိနိုင်ဖို့အတွက် နည်းလမ်း(၄)မျိုး ရှိပါသည်။

နံပါတ်(၁) နည်းလမ်းလေးကတော့ ပထမဦးစွာ ကိုယ်ဝတ်နေကျ လက်စွပ်ကို ယူလိုက်ပါ။ ပြီးနောက် ပေတံတစ်ချောင်းနှင့် တိုင်းတာကြည့်လိုက်ပါ။ ထိုပေတံနှင့် အဲ့ဒီလက်စွပ်ရဲ့အချင်းကို လက်စွပ်ရဲ့ အလယ်တည့်တည့်ကနေ cm (သို့မဟုတ်) mm ဖြင့်တိုင်းတာပြီး မှတ်ယူလိုက်ပါ။ သတိထားရမည့်အချက်မှာ လက်စွပ်၏အပေါ်ထိပ်ပိုင်းနှင့် အောက်ပိုင်းများကို မတိုင်းတာရပါ။ လက်စွပ်၏အလယ်တည့်တည့်ကနေသာ တိုင်းတာယူရမည်ဖြစ်ပါသည်။

လက်စွပ်လက်တိုင်း

နံပါတ် (၂) နည်းလမ်းလေးကတော့ ပထမဦးစွာ အပ်ချည်ကြိုးကို ယူလိုက်ပါ။ ကိုယ်ဝတ်မည့်လက်ရဲ့ လုံးပတ်ကို မတင်းမလျော့ အပ်ချည်ကြိုးနှင့်ပတ်၍ လက်ရဲ့နောက်အလယ်တည့်တည့်မှာ ကြိုးနှစ်ခုဆုံမှတ်ကို မှတ်ယူပြီး၊ ကပ်ကြေးဖြင့်ညှပ်လိုက်ပါ။ ရလာသောကြိုးစကိုယူ၍ ပေတံဖြင့် cm (သို့မဟုတ်) mm ဖြင့်တိုင်းတာမှတ်ယူလိုက်ပါ။

နံပါတ် (၃) နည်းလမ်းလေးကတော့ လက်ကိုတိုင်းလို့ရနိုင်မယ့် စက္ကူပတ်လေးတစ်ခုယူလိုက်ပါ။ ကိုယ်ဝတ်ရမည့် လက်ရဲ့လုံးပတ်ကို မတင်းမလျော့ စက္ကူနှင့်ပတ်၍ လက်ရဲ့နောက်အလယ်တည့်တည့်မှာ စက္ကူစနှစ်ခုဆုံမှတ်ကိုမှတ်ယူပြီး ကပ်ကြေးဖြင့်ညှပ်လိုက်ပါ။ ရလာသော စက္ကူအပိုင်းအစကိုယူပြီး ပေတံဖြင့် cm (သို့မဟုတ်) mm တိုင်းတာမှတ်ယူလိုက်ပါ။

နံပါတ် (၄) နည်းလမ်းလေးကတော့ လက်ဆစ်ကြီးတဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ပစ္စည်းကိုယူပြီး ကိုယ်ဝတ်မည့်လက်ချောင်းရဲ့လက်ဆစ်ကို ပတ်ပြီး တိုင်းတာလိုက်ပါ။ တိုင်းလို့ရလာတဲ့ ပမာဏ cm (သို့မဟုတ်) mm ကို မှတ်ထားလိုက်ပါ။ ဒုတိယအနေနဲ့ လက်စွပ်ဝတ်ရမယ့် လက်ချောင်းရဲ့နေရာကို ကိုယ်ကြိုက်နှစ်သက်သော ပစ္စည်းနှင့်တိုင်းတာပြီး cm (သို့မဟုတ်) mm ဖြင့် ရလာသော ပမာဏကို မှတ်ယူထားလိုက်ပါ။ လက်ဆစ်ကို တိုင်းလို့ရလာတဲ့ပမာဏနှင့် လက်ချောင်းကို တိုင်းလို့ရလာသောပမာဏနှစ်ခုရဲ့ ကြားကို မှတ်ယူလိုက်ပါ။
ဥပမာ – ကိုယ့်ရဲ့လက်ချောင်းအတိုင်းက (၅), လက်ဆစ်အတိုင်းက (၆) ဆိုကြပါစို့။ အဲ့နှစ်ခုအကြားက (၅.၅)က ကိုယ့်ရဲ့လက်စွပ်လက်တိုင်းပဲဖြစ်ပါတယ်။
ထိုနည်းလမ်း(၄)ခုနှင့်တိုင်းပြီးလျှင် အောက်ပါဖော်ပြထားသော Chart ကိုပြန်လည်ကိုးကား၍ မိမိ၏လက်တိုင်းနံပါတ်ဘယ်လောက်ရှိမလဲဆိုတာ သိရှိနိုင်ပါပြီ။

အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် –
UK = UK ဆိုဒ်နံပါတ်
USA/ Canada = USA/ Canada ဆိုဒ်နံပါတ်
MM Size = မြန်မာပြည်တွင်းသုံး ဆိုဒ်နံပါတ်
Diameter = ကိုယ်ဝတ်နေကျလက်စွပ်အချင်းကို တိုင်းပြီးသောအရှည်
Circumference = လုံးပတ်အတိုင်းအတာ
မှတ်ချက်။ ။ဖော်ပြပါနည်းလမ်း(၄)ခုတွင် အကောင်းဆုံးသောနည်းလမ်းမှာ အချင်း (Diameter) အတိုင်းအတာနှင့်တိုင်းတာလျှင် ပို၍သေချာနိုင်ပါသည်။ ကျန်တိုင်းတာနည်းလမ်းများမှာ သေချာမတိုင်းခဲ့မိပါလျှင် မှားနိုင်ခြေရာခိုင်နှုန်းပိုများနိုင်ပါသည်။

ring size chart 1