ကျောက်မျက်အကြောင်းသိကောင်းစရာ

နဝရတ်ကို ဘာကြောင့်ဝတ်ဆင်သင့်တာလဲ?

NineGems

နဝရတ်ကိုးပါးဟူသည် ကျောက်မျက်ရတနာကိုးမျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ နဝရတ်ဆိုသည်မှာ “နဝရတန” ဟူသော ပါဠိဘာသာမှလာ၍ ရတနာကိုးပါးဟု အနက်အဓိပ္ပာယ်ရပါသည်။ ရှေးတုန်းကဆိုလျှင် “ကျောက်မျက်ရတနာတစ်ခုချင်းစီ၏ ထူးခြားသော တန်ခိုးအာနိသင်များ ရှိကြသည်ဟု လူတို့အယူရှိခဲ့ကြသည်။ နဝရတ်ကိုးပါးလက်စွပ်တွင် စိန်၊ ပတ္တမြား၊ ပုလဲ၊ ကြောင်၊ ဂေါ်မိတ်၊ မြ၊ ဥဿဖယား၊ နီလာ၊ သန္တာ အစရှိတဲ့ ကျောက်မျက်ကိုးမျိုး ပါဝင်ပါသည်။ ထိုကျောက်ကိုးမျိုး၏ထူးခြားသော တန်ခိုးအာနိသင်များကို ကျွန်ုပ်လေ့လာတွေ့ရှိသလောက် အကျဉ်းချုပ်၍ ဖော်ပြထားပါသည်။

စိန်သည် ဂုဏ်ရောင်ထွန်းပြောင်ဟူသော တန်ခိုးအာနိသင်များ ရှိနေပါသည်။ လက်ဝတ်ရတနာအဖြစ်သာမက ၎င်း၏မာကျောမှုကြောင့် စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုကြပါသည်။ မာကျောခြင်း အဆင့် ၁၀ရှိပြီး ကျောက်ဘုရင်ဟုပင် တင်စားခေါ်ဝေါ်လေ့ရှိပါသည်။

ပတ္တမြားသည် ဘုန်းတန်ခိုးကြီးမားခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ပါသည်။ အများအားဖြင့် သွေးကဲ့သို့ နီးမြန်းသော အရောင်အဆင်းရှိပြီး မိုးကုတ်ဒေသမှ အများဆုံးထွက်ရှိသောကြောင့် ပတ္တမြားမြေဟုပင် တင်စားခေါ်ဝေါ်လေ့ရှိပါသည်။ ပြဒါးများ ကိန်းအောင်းတည်ရှိနေပြီး ရှေးယခင်က ပြဒါးများဟုခေါ်ဆိုရာမှ ပတ္တမြားဟု ပြောင်းလဲခေါ်ဆိုခဲ့ကြပါသည်။

ပုလဲသည် ကျက်သရေအဖြာဖြာ ပြည့်စုံခြင်းဟူသော အတိတ်နိမိတ် ရှိပါသည်။ ပုလဲကို ကမာကောင်လေးများဆီမှ ရရှိသည်ဟု လူအများသိရှိကြသော်လည်း ကမာကောင်လေးတိုင်းဆီမှ ပုလဲများကို မရရှိနိုင်ပါ။ ကမာမျိုးစိတ် (၈၀၀,၀၀၀) အနက် မျိုးစိတ်(၂၀) ဆီမှသာလျှင် နဝရတ်ကိုးပါးအပါအဝင် ပုလဲလေးများကို ရရှိပါသည်။

ကြောင်ကျောက်ကို သိဒ္ဓိပြီးမြောက်ခြင်းဟူ၍ ယူဆခဲ့ကြသည်။ ၎င်းကျောက်ကို ကျောက်မျက်ရွဲ ဟူ၍လည်း ခေါ်ဝေါ်ကြပါသေးသည်။ မာကျောမှုအဆင့်တွင် ၆မှ ၆.၅ အထိရှိပါသည်။

ဂေါ်မိတ်သည် ခွန်အားနှင့်ပြည့်စုံစေသည်ဟု မှတ်ယူခဲ့ကြသည်။ စိန်ကို တုပနိုင်အောင်ပင် ၎င်း၏အရောင်လင်းလက်အားမှာ ကောင်းလှပါသည်။

မြကျောက်သည် အေးချမ်းခြင်းဟူသော သဘောတရားကို ဖော်ဆောင်ခြင်းဖြစ်သည်။ အချစ်စစ် အချစ်မှန်ကိုရရှိခြင်း အကျိုးတရားများ ရှိသည်ဟုလည်း ယုံကြည်ကြသည်။ မှတ်ဉာဏ်ကောင်းစေသော ရတနာတစ်ပါးဟုလည်း လေ့လာချက်အရ တွေ့ရှိရပါသည်။ အလှဘုရင်မ ကလီယိုပါထရာ စွဲလမ်းခဲ့ဖူးသော ရတနာတစ်ပါးလည်းဖြစ်သည်။

ဥဿဖယားသည် ကျန်းမာခြင်းဟူသော ဂုဏ်သတ္တိဖြင့် ထင်ရှားပေါ်လွင်ပါသည်။ ၎င်းကျောက်သည် အရောင်ကွဲများစွာ ရှိသည့်အနက် အညိုနှင့် အဝါရောင်ကို လူကြိုက်များကြသည်။ ထို့ကြောင့် တခြားသောအရောင်များကိုလည်း ဓါတ်ရောင်ခြည်ဖြင့် ပြုပြင်၍ အညိုရောင်နှင့် အဝါရောင်သို့ ပြောင်းလဲပြုပြင်တတ်ကြပါသည်။ ထပ်တရာမာကျောမှုတွင် အဆင့်(၈) ဖြစ်သည်။

နီလာသည် မေတ္တာကြီးမားခြင်းဖြစ်သည်။ ပတ္တမြားနှင့် အုပ်စုတစ်ခုတည်းဖြစ်သောကြောင့် ကျောက်ညီအစ်မဟုပင် တင်စားခေါ်ဝေါ်ခြင်းခံရသည့် အပြာရောင် နီလာရတနာတစ်ပါးပင်ဖြစ်ပါသည်။ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း၊ မကောင်းသောဘေးရန်မှ ကာကွယ်ပေးနိုင်ခြင်း အစရှိသဖြင့် အကျိုးသက်ရောက်မှုများ ရရှိနိုင်ပါသည်။ မာကျောမှုအဆင့်တွင် (၉)ရှိပါသည်။

သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း အာနိသင်များရှိပါသည်။ ပီယ၊ သိဒ္ဓိများလည်း ထူးခြားစွာပါဝင်နေသည်။ အမျိုးသမီးများ အိမ်ထောင်ရေးကံကောင်းနိုင်သည်ဟူသော အယူများလည်းရှိသည်။ အမျိုးသမီးများတွင် ဖြစ်တတ်သော ရောဂါများစွာအနက် ၃၀%ကို ပျောက်ကင်းစေနိုင်ပါသည်။

နဝရတ်ကိုးပါးကို မဏိသျှတ္တရကျမ်းမူနှင့် ဥတုဘောဇနသင်္ဂဟကျမ်းမူ ဆို၍ ကျမ်းနှစ်မျိုးဖြင့် ပြုလုပ်ဝတ်ဆင်ကြသည်။ များသောအားဖြင့် မဏိသျှတ္တရရတနာကျမ်းမူအရ အများဆုံး ပြုလုပ်ဝတ်ဆင်လေ့ရှိကြသည်။ ပဒေသရာဇ်ခေတ် မြန်မာဘုရင်၏ အသုံးအဆောင်များ ဖြစ်ကြသော ကွမ်းအစ်၊ လည်ဆွဲကြိုး၊ လက်ကောက်၊ ဆံထုံးများတွင် နဝရတ်ကိုးပါးစီခြယ်ထားသည်ကို တွေ့ရှိရသည်။ နဝရတ်ကိုးပါးအား ဆောင်ထားခြင်းဖြင့် အသက်ရှည်ခြင်း၊ မင်္ဂလာရှိခြင်း၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေခြင်း၊ စုန်းပယောဂဘေးအန္တရာယ်များကို ပျက်စီးစေနိုင်သည့်အပြင် ပီယဆေးဖြစ်၍ လူနတ်ချစ်ခင်သည်ဟု ရတနာကျမ်းများတွင် ဖွင့်ဆိုထားပါသည်။ ပိုက်ဆံများများဝင်လိုပါက နဝရတ်လက်စွပ်တစ်ကွင်း ဝယ်ဝတ်လိုက်ကြဟု အဆိုလည်း ရှိပါသေးသည်။

မြန်မာ့ရိုးရာဓလေ့ ထိမ်းမြားလက်ထပ်လျှင်လည်း ရွှေခွက်၊ ငွေခွက်ထဲတွင် နဝရတ်ကိုးပါးနှင့်အတူ နံ့သာမျိုးငါးပါးသွေး၍သော်လည်းကောင်း၊ ရေမွှေးများထည့်၍သော်လည်းကောင်း၊ သတို့သား၊ သတို့သမီး၏ ဆံစပေါ်သို့ သပြေပန်းခက်ဖြင့် ပတ်ဖြန်း၍ ထိမ်းမြားလက်ထပ်ခြင်းကို ပြုလုပ်လေ့ရှိကြသည်။ နဝရတ်ကိုးပါး စီခြယ်ထားသော နဝရတ်လက်စွပ်၊ လက်ကောက်၊ ဘီး၊ ကွမ်းအစ် အစရှိသည့်ပစ္စည်းများတွင် ထူးခြားသော ဓာတ်သိဒ္ဓိများ ခိုအောင်းနေသော ရတနာတစ်မျိုးဖြစ်ကြောင်း ရှေးစာပေကျမ်းများတွင် ဖော်ပြထားပါသည်။ ပန်းထိမ်ပညာရှင်နှင့် စနစ်တကျတိုင်ပင်၍ အခါကောင်းဖြင့် စီမံထားသော နဝရတ်ကိုးပါးပါရှိသည့်အဆောင်တွင် အလွန်ထူးခြားသော ဓာတ်သိဒ္ဓိများ ကိန်းအောင်းပါရှိပါသည်။