ဆောင်းပါး

၂၀၂၁ တွင် ဆန်းသစ်ပြောင်းလဲလာမည့် မြန်မာ့ရွှေဖက်ရှင်

2021 myanmar gold fashion, u hton goldsmith , myanmar

ဖက်ရှင်ဆိုတာ အမြဲတီထွင်ဖန်တီးမှု အသစ်အဆန်းတွေနဲ့အတူ ပြောင်းလဲသစ်လွင်မှုတွေကြောင့် မနေ့ကနဲ့ဒီနေ့တောင် မတူညီကြပါဘူး။ ဖက်ရှင်ဆိုတာဟာ အရင်ကတော့ အဝတ်အစားအသုံးအဆောင်တွေ အရောင်ရွေးချယ်မှုတွေအတွက် ခေတ်စားခဲ့ပြီး အခုချိန်မှာတော့ ဆယ်စုနှစ်များစွာတိုင် လက်ဝတ်ရတနာဒီဇိုင်းတွေအထိ လွှမ်းမိုးမှုများစွာနဲ့ တီထွင်ဆန်းသစ်မှုတွေက လူတွေရဲ့ အကြိုက်တွေပေါ် မူတည်ပြီး ပြောင်းလဲနေတဲ့ ဒီဇိုင်းတွေကို နေ့စဉ်တွေ့မြင်နေကြရပြီဖြစ်ပါတယ်။

ဒီတစ်ခါအားလုံးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ မကြာခင်မှာ ရောက်ရှိတော့မယ့် ၂၀၂၁ နှစ်သစ်ကိုကြိုဆိုရင်း အသစ်သစ်သော ဆန်းသစ်မှုတွေက မြန်မာ့ရွှေဖက်ရှင်ဈေးကွက်မှာ ဘယ်လိုမျိုးဒီဇိုင်းလေးတွေက လူကြိုက်များလာမလဲဆိုတဲ့ အကြောင်းလေးကို ရွှေချစ်သူအားလုံးအတွက် မျှဝေပေးချင်ပါတယ်။ ကမ္ဘာပေါ်မှာ ရွှေဆိုတဲ့သတ္တုကို လွန်ခဲ့သော ဘီစီ ၂၆၀၀ လောက်ကတည်းက စတင်အသုံးပြုခဲ့ကြသည်။ အဲ့ဒီအချိန်တုန်းကတော့ ရွှေဟာ ငွေကြေးအစား ကုန်ပစ္စည်းရောင်းဝယ်ကူးသန်းရေးလုပ်ငန်းတွေမှာ စတင်အသုံးပြုခဲ့ကြပြီး ငွေစက္ကူတွေတီထွင်ပြီးနောက်မှာမှ နိုင်ငံတွေရဲ့ အဖိုးတန်အသုံးအဆောင်များ ပြုလုပ်ရာတွင် နိုင်ငံရဲ့ကြွယ်ဝချမ်းသာမှု အဆင်တန်ဆာတစ်ခုအဖြစ် ဆက်လက်အသုံးပြုခဲ့ကြပါတယ်။


ထို့နောက်တွင် တဖြည်းဖြည်း ငွေကြေးစုဆောင်းမှုတွေအစား ရွှေတုံး ရွှေစများကို စုဆောင်းလာပြီး အဆင်တန်ဆာတစ်ခုအနေဖြင့် လက်ဝတ်ရတနာ ဖန်တီးမှုများတွင် အသုံးပြုလာခဲ့တာဟာ ယနေ့အချိန်ထိပဲဖြစ်ပါတယ်။ ရွှေဟာ အရောင်အားဖြင့်လည်း ၆ ရောင်အထိရှိပါတယ်။ ဒါကြောင့် ဖက်ရှင်ဒီဇိုင်းအသစ်တွေ ဖန်တီးရာမှာ လူတွေရဲ့ အသားအရောင်၊ ကြိုက်နှစ်သက်မှု‌ပေါ်မူတည်ပြီး ရွေးချယ်စရာများစွာရှိတာကြောင့် လူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်းရှိနေတာပဲဖြစ်ပါတယ်။ White Gold, Yellow Gold, Pink Gold, Green Gold, Blue Gold, Purple Gold နှင့် Black Gold ဆိုပြီး အရောင် ၆ ရောင်ရှိပေမဲ့ အများအားဖြင့်ကတော့ White Gold, Yellow Gold နဲ့ Pink Gold တွေကိုပဲ အများဆုံးအသုံးပြုပြီး ဝတ်စားဆင်ယင်လေ့ ရှိကြပါတယ်။

ရှေးခေတ်ကာလကတော့ မြန်မာနိုင်ငံမှာ ရွှေကိုဖက်ရှင် တစ်ခုအနေနဲ့ ဝတ်စားဆင်ယင်တာမျိုးမဟုတ်ဘဲ ပွဲလမ်းသဘင်တွေမှာမှ ဝတ်လေ့ရှိပြီး ဒီဇိုင်းထက် အလေးချိန်ကိုမူတည်ပြီး ကိုယ်တတ်နိုင်တဲ့ပမာဏအလိုက် ဆွဲကြိုး၊ လက်ကောက်၊ နားကပ် ၊ ခြေကျင်း စသည်ဖြင့် ဝတ်ဆင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လက်ပန်းထိမ်နဲ့ ပြုလုပ်ဖန်တီးတဲ့ ပုံစံတွေအပြင် စက်နဲ့ဖန်တီးတဲ့ ပန်းထိမ် ဒီဇိုင်းတွေကြောင့် ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်စားဆင်ယင်လာခဲ့ကြပြီး အသစ်သစ်သော ဖန်တီးမှုတွေကိုယနေ့တိုင် တွေ့မြင်နေကြရတာပဲဖြစ်ပါတယ်။


အခုလာမယ့် ၂၀၂၁ ခုနှစ်မှာတော့ ရွှေကို ပါးပါးမျှင်မျှင်လေးနဲ့ နေ့စဉ်ဝတ်စားဆင်ယင်မှုအလိုက် ခေတ်မှီတဲ့ classic ဆန်ဆန် ပုံစံမျိုးလေးတွေ တွေ့မြင်ရနိုင်ပြီး မိမိတို့ရဲ့ဝတ်ဆင်သင့်တဲ့ မွေးနေ့ကျောက်အလိုက် ရတနာလေးတွေနဲ့ ရွှေကို‌ရောစပ်ပြီး ဝတ်ဆင်လာဖွယ်ရှိနေပါတယ်။ လက်ရှိခေတ်စားလျှက်ရှိနေတဲ့ Pink Gold လေးကတော့ လူငယ်တွေကြားမှာ ရေပန်းစားနေဦးမှာဖြစ်ပြီး သုံးမျိုးစပ် ( White Gold, Pink Goldနဲ့ Yellow Gold) ဒီဇိုင်းလေးတွေကို လူတွေကြားမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့မြင်လာဖို့ရှိပါတယ်။ လူကြီးပိုင်းတွေကတော့ Yellow Gold ကိုပဲ ဒီဇိုင်းထွင်ပြီး နီလာ ပတ္တမြားနဲ့ စိန် စတဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေကိုအသားပေးတဲ့ ဖက်ရှင်အသစ်တွေခေတ်စားလာဖို့ရှိနေပါတယ်။ ဒါ့အပြင် ငွေကြေးစုဆောင်းမှုပုံစံတွေပြောင်းလဲလာတာနဲ့အမျှ အာမခံချက်ရှိတဲ့ရွှေကို မိမိတို့တက်နိုင်တဲ့ ငွေကြေးပမာဏအလိုက် အလျော့တွက်လက်ခမပါတဲ့ ရွှေတုံးရွှေစလေးတွေအနေနဲ့ စုဆောင်းမှု အထူးခေတ်စားလာနိုင်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်မှာတော့ ရွှေကို ဖက်ရှင်တစ်ခုအနေနဲ့သော်လည်းကောင်း အာမခံချက်တစ်ခုအနေနဲ့သော်လည်းကောင်း ပိုပြီးအသုံးပြုလာမယ်လို့‌ ခန့်မှန်းရပါတယ်။

အခုပြောပြပေးခဲ့တဲ့ ၂၀၂၁ တွင် ဆန်းသစ်ပြောင်းလဲလာမည့် မြန်မာ့ရွှေဖက်ရှင်အကြောင်းလေးကို ဖတ်ရှုပြီး ကိုယ်ကိုတိုင်က ရွှေဝယ်ဖို့ ပြင်ဆင်နေတဲ့လူတစ်ယောက်ဆိုရင် ဘယ်လိုဒီဇိုင်းမျိုးလေးဝယ်ဖို့ စိတ်ကူးမိပါသလဲ?. . .