ရာသီဖွားအဆောင်ကျောက်

Libra (သို့မဟုတ်) တူရာသီရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

libra gemstone, u hton goldsmith , myanmar

စက်တင်ဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာလ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို တူရာသီဖွား (Libra) များဟု သတ်မှတ်နိုင်သည်။ တူရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဝါယောဓာတ် (လေဓာတ်)ကြီးစိုးပြီး သောကြာဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၆)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။

တူရာသီဖွားတွေဟာ စိတ်ခံစားမှုကို အထူးဦးစားပေးပြီး အများနဲ့ပူးပေါင်းဆောင်ရွက်လိုစိတ်ပြင်းပြတဲ့ ရာသီဖွားတွေ ဖြစ်ကြပါတယ်။ စကားပြောဆိုရာမှာလည်း စကားကြွယ်ပြီး လိမ္မာပါးနပ်မှုရှိတာကြောင့် လူအများနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ လူချစ်လူခင်ပေါများကြပါတယ်။ မျှမျှတတတွေးခေါ်တက်ပြီး တရားသောနည်းဖြင့် ဆုံးဖြတ်တတ်တဲ့ ရာသီခွင်တွေလည်း ဖြစ်ပါတယ်။ အသင်းအဖွဲ့တွေနဲ့ လုပ်ဆောင်မှုရှိပြီး ထူးချွန်တဲ့ ခေါင်းဆောင်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ဦးဆောင်နိုင်သူတွေလည်း ဖြစ်ကြပါတယ်။

တူရာသီဖွားတွေဟာ ဘယ်တော့မှ တစ်ယောက်တည်းမနေတတ်ဘဲ သူငယ်ချင်းအပေါင်းအသင်းတွေကို ခင်တွယ်သူတွေလည်း ဖြစ်ကြပါတယ်။ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ဒုတိယမိသားစုလို့ သတ်မှတ်တဲ့အထိ အပေါင်းအသင်းခင်သူတွေပါ။ ဒါပေမဲ့ သူတို့ဟာ လူစုလူဝေး လူရှုပ်တဲ့နေရာတွေကိုတော့ ရှောင်တတ်ကြပါတယ်။

တူရာသီဖွားတွေဟာ ကိစ္စတစ်ခု လုပ်တော့မယ်ဆို အမြဲ ဒွိဟဖြစ်တတ်ပြီး လုပ်သင့်လား မလုပ်သင့်ဘူးလား အမြဲတွေဝေသူတွေပါ။ စာဖတ်ဝါသနာပါပြီး နူးညံတဲ့စိတ်ခံစားချက်ရှိသူတွေပါ။ အလှအပကိုလည်း ခံစားတတ်ပြီး အနုပညာအမြင်ရှိသူတွေပါ။ သူတို့ဟာ ဘဝကို တည်ငြိမ်အေးချမ်းစွာနဲ့ အောင်မြင်မှုရရှိရန် ကြိုးစားကြံစည်တတ်ကြသူတွေ ဖြစ်ပါတယ်။ မျှော်လင့်ချက်ရည်မှန်းချက်ကြီးမားစွာနဲ့ ရှေ့ရေးကို ကြိုတင်ပြင်ဆင်တတ်ကြသူတွေလည်းဖြစ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ အတွေးလွန်ပြီး လေထဲအိမ်ဆောက်သလိုဖြစ်တတ်တာမျိုးကိုတော့ သတိပြုဖို့လိုပါတယ်။

တူရာသီဖွားတွေဟာ ကံ ကံ၏အကျိုး စေတနာကောင်းခြင်းရဲ့ အကျိုးတွေကို ယုံကြည်ကြပြီး တူသောအကျိုးပေးခြင်းကို လက်ခံကြသူတွေဖြစ်တာကြောင့် အခြားသူများအပေါ် အမြဲအကောင်းဆုံးလုပ်ဆောင်ပေးတတ်ကြပါတယ်။ လုပ်ငန်းခွင်မှာ အများကို နေရာပေးတတ်ခြင်း၊ မှန်ကန်ခြင်း၊ တိကျခြင်း၊ ကြိုတင်ခန့်မှန်းမှုကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်ရာမှာလည်း အောင်မြင်ကြပါတယ်။ အခြားအကျိုးပေးတဲ့လုပ်ငန်းတွေကတော့ တရားရေးဌာန၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာစတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ငွေကြေးအသုံးကြမ်းပြီး အပျော်အပါး၊ လောင်းကစားမှာ ဝါသနာပါတတ်တာကြောင့် သတိထားဆင်ခြင်ဖို့လိုပါတယ်။

အချစ်ရေးမှာတော့ မေတ္တာစိတ်ကြီးမားပြီး ခံစားချက်ပြင်းထန်သူတွေဖြစ်ကြပါတယ်။ အေးတိအေးစက်နေတတ်ပြီးချစ်သူကို အမြဲအားမလိုအားမရနဲ့ သံသယစိတ်များသူတွေ ဖြစ်ကြပါတယ်။ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ဓနုရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၆၊ ၁၃၊ ၁၅၊ ၂၄ ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ ပန်းရောင်နဲ့ အစိမ်းရောင်ပဲဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ ဒုက်ထာကျောက်ဆိုတဲ့ (Lapis Lazuli) ကျောက်လေးပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ တူရာသီဖွား Libra လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ သူရဲ့ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။