ပြည်တွင်းသတင်း, ပညာရေး

လူငယ်များ နှင့် အနာဂတ်

youth and future

လူငယ်များသည် နောင်အနာဂတ်၏ လုပ်ငန်းဆောင်တာများကို ဦးဆောင်ကြမည့် သူတွေဖြစ်တာကြောင့် လူငယ်များ၏ အနာဂတ်တိုင်းဟာ အရေးကြီး တန်ဖိုးရှိလှပါသည်။

လူငယ်တစ်ဦးချင်းဆီ၏ စိတ်ဝင်စားမှု၊ ဝါသနာပါမှု၊ ရွေးချယ်မှု လမ်းကြောင်းများအလိုက် တိုင်းပြည်၏ တိုးတက်မှု၊ အောင်မြင်မှု ကျဆုံးမှုနှင့် ဆင်းရဲချမ်းသာမှုများအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိသည်အထိ လူငယ်များရဲ့ အခန်းကဏ္ဌဟာ အရေးပါလှပါသည်။ ယခုကဲ့သို့ အရေးပါလှသည့် လူငယ်များသည် လမ်းကြောင်းမှန် ပန်းတိုင်မှန်ရောက်အောင် တည့်မတ်ပေးနိုင်ဖို့နှင့် မှန်ကန်စွာ ရွေးချယ်မှုများ ဖြစ်အောင် လမ်းညွှန်ပေးနိုင်ဖို့သည်လည်း နိုင်ငံ၏ ပညာရေး အဆင့်အတန်းများအပေါ် များစွာ မူတည်နေလှပါသည်။

တိုင်းပြည်၏ ပညာရေးစနစ် အဆင့်မြှင့်တင်နိုင်ခြင်းသည် တိုင်းပြည်၏ စီးပွားရေးအခြေအနေ၊ ကျန်းမာရေးနှင့် နိုင်ငံတွင်း အခြေအနေများအပေါ် များစွာ မှီခိုမှု ရှိနေပါသည်။ နိုင်ငံ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် နိုင်ငံ့အခြေအနေ အခြေငြိမ်မှသာ ပညာရေးအပေါ် စိတ်ပူပန်မှုကင်းကင်းနှင့် ပညာရေး အဆင့်အတန်း မြှင့်မားလာနိုင်စေမှာ ဖြစ်ပါသည်။

၂၀၂၀ မတ်လမှ စတင်၍ နိုင်ငံအတွင်း လူငယ်များ၏ အနာဂတ်သည် အလှုပ်အခက်များနှင့် အပြောင်းအလဲမျိုးစုံကို ကြုံတွေ့ ရင်ဆိုင်ခဲ့ကြရပါသည်။ ကမ္ဘာ့ကပ်ရောဂါဆိုးတစ်ခုဖြစ်သည့် Covid 19 ရောဂါပိုးသည် အခြားနိုင်ငံများနှင့်နည်းတူ နိုင်ငံတွင်း ကူးစက်ဝင်ရောက်လာမှုကြောင့် တက္ကသိုလ်ကျောင်းများအပါအဝင် အခြေခံကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ၊ သင်တန်းများပါ ပိတ်ခဲ့ကြရပြီး ရောဂါကူးစက်မှု ကာကွယ်နိုင်ရန် အရေးပေါ် ကြေညာချက် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ဆောင်ခဲ့ကြရပါသည်။

ထို့ကြောင့် ပညာရေးစနစ်အတွက် အကြီးအမားဆုံး ပြောင်းလဲမှုများဖြစ်ခဲ့ပြီး online မှတဆင့် သင်ကြားသည့် ပညာရေးစနစ်သို့ တဆင့်ဆင့် ပြောင်းလဲရန် ကြိုးစားလျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ မြို့ကြီးအချို့တွင် ခေတ်မှီ နည်းပညာအသုံးပြုမှု၊ လက်လှမ်းမှီသော်လည်း အခြား နယ်များနှင့် အခြားသော မြို့အချို့တွင် နည်းပညာ အခက်အခဲ အချို့ အဆင်မပြေမှုများရှိခဲ့ပြီး အများစုသည် စာသင်ခန်းထဲတွင် သင်ကြားရသည့် ပုံမှန်ပညာသင်ကြားမှုမျိုးကိုသာ ပိုမို စိတ်အားထက်သန်မှုများလည်း ရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ဒါ့အပြင် ၂၀၂၁ နှောင်းပိုင်းကာလများတွင် ကြုံတွေ့ခဲ့ကြရသည့် နိုင်ငံတွင်း အခြေအနေများနှင့်အတူ စီးပွားရေး အခြေအနေသည်လည်း နိုင်ငံရှိ လူငယ်များ၏ အနာဂတ်အတွက် ကောင်းမွန် မှန်ကန်စွာ ဆုံးဖြတ်နိုင်စေရန် ခက်ခဲလျှက် ရှိလာခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ Covid 19 ရောဂါပိုးများကြောင့် ကျောင်းများ ပြန်လည် မဖွင့်လှစ်နိုင်ဘဲ ပိတ်ထားရခြင်းကြောင့် စာနှင့် အလှမ်းဝေးလာမှုများကြောင့် ပညာရေး နှောင့်နှေးလာစေမှုများ ရှိသလို အလုပ်လုပ်ရာတွင်လည်း ပညာအရည်အချင်း ကန့်သတ်ချက်များကြောင့် ရွေးချယ်နိုင်ရန် ရှားပါးလာခဲ့ကြပါသည်။

ယခုအခါတွင် အလွယ်တကူ သင်ကြားနိုင်သည့် Free online class များဖြစ်သည့် ဘာသာစကားအတန်းများ၊ IT နည်းပညာ အခြေခံများ၊ Computer နည်းစနစ်များနှင့် ဝါသနာပါရာ အခြားသော လက်မှုလုပ်ငန်းများ၊ အိမ်တွင်းမှု လုပ်ငန်းများကိုလည်း တက်ရောက်နိုင်ခြင်းကြောင့် လူငယ်များ၏ အချိန်များအတွက် အကျိုးရှိရှိ အသုံးချနိုင်စေရန်အတွက် အခွင့်အရေးများအဖြစ် မှတ်ယူ၍ မိမိ၏ အနာဂတ်များအတွက် ရှေ့ဆက်လျှောက်လှမ်းသွားစေရန်အတွက် အထူးပင် သင့်လျော်ကောင်းမွန်လာပါသည်။