ဆောင်းပါး

ရွှေဈေးနှင့်ဒေါ်လာဈေး ဘာကြောင့်မငြိမ်မသက်ဖြစ်ရတာလဲ

DesignWeb For Dollar and Gold

ဒီတစ်ပတ်အတွက် ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ လက်တလောမှာ ဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံ့ရဲ့ အရေးပါတဲ့ စီးပွားရေးအခြေအနေတွေနဲ့အတူ မငြိမ်မသက်ဖြစ်နေတဲ့ရွှေဈေးနဲ့ ဒေါ်လာဈေးနဲ့ပတ်သတ်ပြီး လေ့လာတွေ့ရှိချက်လေးတွေကို တင်ပြ‌ပေးချင်ပါတယ်။ ယခုအခါမှာ မြန်မာနိုင်ငံ့ရဲ့စီးပွားရေးအခြေအနေတွေမှာ အပြောင်းအလဲတွေ ကြုံတွေ့လာရတာနဲ့အတူ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ ရွှေဈေးနဲ့ ဒေါ်လာဈေးဟာလည်း လတ်တလောမှာတော့ လှုပ်ခတ်မှု အတက်အကျမြန်ပြီး မငြိမ်သက်မှုနဲ့ရင်ဆိုင်နေကြရပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေများစွာရှိပြီး အဓိကအချက်‌အနေနဲ့ကတော့ ငွေကြေးစီးဆင်းမှုအချက်အချာအကျဆုံးဖြစ်တဲ့ ဘဏ်တွေရဲ့ အခန်းကဏ္ဌ သည် အဓိကနေရာမှာ ရှိနေပါတယ်။

လက်ရှိလည်ပတ်နေတဲ့ ဘဏ်စနစ်အရ ငွေကြေးသွင်းထုတ်ခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို တိုကင်စနစ်ကိုအသုံးပြုပြီး လုပ်ဆောင်ရာမှာ စနစ်ကျမှုအားနည်းတာကြောင့် ငွေကြေးလည်ပတ်မှုမှာ ပြသာနာတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Digital Payment အပေါ် မှီခိုနေရတဲ့ ငွေကြေးလည်ပတ်မှုတွေကလည်း Mobile Data တွေရပ်ဆိုင်းနေမှုနဲ့အတူ ငွေကြေးစီးဆင်းမှုအပေါ် ထိခိုက်မှုများစွာဖြစ်ပေါ်နေပါတယ် ဥပမာ ဈေးဝယ်စင်တာများမှာ Digital ငွေပေးချေမှုကို လက်မခံတော့ဘဲ ငွေသားကိုပဲ လက်ခံမှုတွေရှိနေတာကြောင့်လည်း ငွေသား မလည်ပတ်နိုင်ဘဲ ငွေသားလက်ဝယ်ရှားပါးမှုကို ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံရဲ့ငွေကြေးလည်ပတ်မှုလုပ်ငန်းစဉ်တွေမှာဖြစ်ပေါ်လာတဲ့ ဘဏ်စနစ်နဲ့ Digital Payment အားနည်းချက်တွေအပေါ် အဓိကမူတည်ပြီး လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ ရွှေဈေးကွက်နဲ့ ဒေါ်လာဈေးကွက်မှာလည်း မငြိမ်သက်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။

ဧပြီလတွင်းမှာ ဒေါ်လာဈေးအနေနဲ့ တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၆၀၀ အထိဖြစ်လာခဲ့ပြီး ရွှေဈေးကွက်မှာတော့ ရွှေတစ်ကျပ်သားကို ၁၄ သိန်း ၇ သောင်းအထိ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ ဘဏ်တွေမှာအသုံးပြုနေတဲ့ တိုကင်စနစ်အဆင်မပြေမှုမှာတဆင့် ငွေသားထုတ်ယူရာမှာ အချိန်ကြန့်ကြာမှုများဖြစ်ပေါ်‌လာခြင်းနဲ့အတူ ငွေကြေးထုတ်ယူရာတွင်လည်း ဘဏ်များကိုယ်တိုင်က ငွေသားထုတ်ယူခွင့် ပမာဏကို ပုံမှန်ထက်ပိုပြီး ကန့်သတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ATM Service ဝန်ဆောင်မှုတွင်လည်း ပုံမှန်ကဲ့သို့ ATM စက်များအားလုံးတွင် ငွေသားထုတ်ယူခွင့်မရဘဲ မိမိတို့ ငွေစုဆောင်းထားသော ဘဏ်များ၏ ATM စက်တွင်သာ ထုတ်ယူလို့ရခြင်းတို့ကြောင့် ‌ဘဏ်တွင် ငွေစုဆောင်းသူအများစုမှာ ပိုက်ဆံထုတ်ယူရတွင် Mobile Banking များ အသုံးပြုပြီး ငွေသားလွှဲပြောင်းခြင်းများပြုလုပ်ပြီးအကျိုးဆောင်များကို ဝန်ဆောင်မှုအတွက်ငွေကြေးရာခိုင်နှုန်းများပေးပြီးအရှုံးခံကာ ငွေသားထုတ်ယူသည်အထိရှိလာခဲ့ပါတယ်။ ဒါကြောင့် ငွေစုဆောင်းသူအများစုဟာ ဘဏ်များအပေါ်တွင် ‌ယုံကြည်မှုအားနည်းလာမှုပြီး မြန်မာစီးပွားရေးအခြေအနေမငြိမ်သက်မှုကြောင့် မြန်မာ့ငွေတန်ဖိုးကျဆင်းလာခြင်းကလည်း ရွှေဈေးနဲ့ဒေါ်လာဈေးတက်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာစီးပွားရေးဈေးကွက်မှာ ခိုင်လုံမှုပြီး အာမခံချက်ရှိတဲ့ ရွှေဈေးကွက်နဲ့ ဒေါ်လာဈေးကွက်မှာရင်းနှီးမြှုပ်နှံလာမှုတွေကြောင့် ဝယ်လိုအားမြင့်တက်လာခြင်းနဲ့အတူ ဈေးနှုန်းမြင့်တက်လာတာပဲဖြစ်ပါတယ်။ အခုတင်ပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ လက်တလောမှာ ဘာကြောင့် ရွှေဈေးနဲ့ ဒေါ်လာဈေး မငြိမ်မသက်ဖြစ်နေတာလဲဆိုတာနဲ့ပတ်သတ်ပြီး အားလုံးလည်း သိရှိစေဖို့အတွက် ရည်ရွယ်တင်ပြပေးလိုက်တာပဲဖြစ်ပါတယ်။