ပြည်တွင်းသတင်း

ရွှေဈေးဘာကြောင့်တက်နေသလဲ ?

Gold Price Rise 1

ဒီတစ်ခါပြော‌ပြပေးချင်တာကတော့ ကမ္ဘာ့ရွှေဈေးနဲ့ မြန်မာ့ရွှေဈေးတက်လာခြင်းအကြောင်းကို
လေ့လာတွေ့ရှိမှုလေးတွေကို အခြေခံပြီး ဗဟုသုတရစေရန် တင်ပြပေးချင်ပါတယ်။
ဇွန်လ အစကတည်းက ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်မှုဟာ သိသာလာခဲ့ပြီး တစ်အောင်စလျှင် ဒေါ်လာ 1900 ကျော်အထိ မြင့်တက်လာခဲ့သည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်ရောဂါပိုးကြောင့်
နိုင်ငံတကာတွင် စီးပွားရေးအကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရသဖြင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးအပေါ် ထိခိုက်မှုများရှိခဲ့သော်လည်း ယခုအခါတွင် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန်ကြိုးစားဆဲအခြေအနေတွင် ရွှေဈေးကွက်မှာ အခြားစီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ကျော်လွန်၍အတက်မြန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ရွှေဈေးတက်လာသည့်အကြောင်းအရင်းများစွာရှိသော်လည်း အဓိကအကြောင်းရင်းမှာ ( 2 )ချက်ရှိသည်။
ပထမအချက်မှာ ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ အမေရိကန်နိုင်ငံနှင့်
တရုတ်နိုင်ငံတို့၏ နိုင်ငံရေးအရတင်းမာမှုအခြေအနေများကြောင့်ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားသောကိုဗစ်-၁၉ကြောင့်ကမ္ဘာတစ်ဝှမ်းလုံးတွင် သေဆုံးမှုခြောက်‌သိန်းကျော်ခဲ့ပြီး ကူးစက်မှုမှာ 16 သန်းကျော်လျက်ရှိသည်။
ယခုအခါသည် ထိန်းချုပ်ဆဲအခြေအနေတစ်ရပ် အဖြစ်သာရှိနေသေးသည့်အချိန်ထိ ကူးစက်မှုအများဆုံးနှင့် သေဆုံးမှုအများဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ၎င်းသည် ကမ္ဘာ့စီးပွားရေးလုပ်ငန်းအများဆုံးအတွက် အဓိကစီးပွားရေးနိုင်ငံတစ်ခုလည်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကတွင် စီးပွားရေးလုပ်ငန်းအများစု ယာယီပတ်သိမ်းခြင်း ရပ်စဲမှုများကြောင့် အလုပ်လက်မဲ့ပြဿနာများနှင့်အတူ ရှယ်ယာဈေးကွက်မတည်ငြိမ်မှုကြောင့် ဒေါ်လာဈေးကျဆင်းလာသဖြင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် အာမခံချက်အရှိဆုံး ရွှေဈေးကွက်ကို ဦးတည်လာခဲ့ခြင်းက ‌ကမ္ဘာ့ရွှေဈေးအပေါ်သက်ရောက်မှုကောင်းတစ်ခုဖြစ်ခဲ့သည်။
ဒုတိယအချက်နှင့် အရေးကြီးဆုံးအချက်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သော အမေရိကန်နိုင်ငံနှင့်
တရုတ်နိုင်ငံတို့အကြား နိုင်ငံရေးတင်းမာမှုများအရ စီးပွားရေးပိတ်ဆို့မှုအခြေအနေများကြောင့် နှစ်နိုင်ငံငွေကြေး
စီးဆင်းမှုကို ရပ်တန့်စေခဲ့ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအစား ရွှေဈေးကွက်ကို ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အဖြစ်
ရွှေချိန်ဝယ်ယူမှုမြင့်တက်လာသည်နှင့်အမျှ ရွှေဈေးကွက်မှာ ဦးမော့လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးတက်လာသည့်နည်းတူ မြန်မာ့ရွေဈေးမှာလည်း တက်လျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်မှုအရှည်ဆုံးဖြစ်သည့်အပြင် နိုင်ငံတကာရွှေစံချိန်စံနှုန်းအရ အရည်အသွေးပြည့်မှီသော
ရွှေသတ္တုထွက်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာ့ရွှေဈေးကွက်မှာလည်း အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့်ရွှေသည် ကမ္ဘာ့ငွေကြေးဈေးကွက်အပေါ် အခြေခံ၍ တန်ဖိုးအားဖြင့်များစွာ သက်ရောက်မှုရှိနေဆဲဖြစ်သဖြင့် ရွှေကိုဝယ်ယူစုဆောင်းခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင်လည်းခိုင်မာမှုရှိပြီး ငွေကြေးဖောင်းပွမှုကိုမဖြစ်ပဲ ရေရှည်တည်တံ့မည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်းလေ့လာတင်ပြလိုက်ပါသည်။