Lifestyle, ဆောင်းပါး

ရွှေကို ဘယ်နေရာမှာ ဝတ်ရင် ပိုသတိထားမိစေမလဲ?

Gold And Jewelry

ရွှေဆိုတာ “ မရှိဝမ်းစာ ရှိတန်ဆာ ” လို့ ရှေးလူကြီးများက ဆိုမိန့်ခဲ့ပါတယ်။ လူအများက ရွှေကို စုဆောင်းဖို့အတွက် ဝယ်ယူကြတာရှိသလို ပွဲလမ်းအခမ်းအနားတွေမှာ ဝတ်ဆင်ဖို့အတွက် ဝယ်ယူကြတာလည်း ရှိပါတယ်။ ရွှေကို လက်ကောက်ဝတ်၊ လက်ချောင်းတွေ၊ နား၊ လည်ပင်း အစရှိတဲ့ နေရာတွေမှာ ဝတ်ဆင်တတ်ကြသလို အခုခေတ်မှာတော့ လက်ကိုင်အိတ်တွေ၊ ဖုန်းတွေ၊ အပေါ်ယံ ခြုံထည်တွေမှာလည်း ဖန်တီးအလှဆင်လာကြတာကို တွေ့ရပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ရွှေဝတ်ဆင်ခြင်းအပေါ်  ခံယူချက် မတူနိုင်ကြပေမယ့် တူညီတာတစ်ခုကတော့ ကိုယ်ဝတ်ထားတဲ့ ရွှေကို လူတွေ တွေ့မြင်သတိထားမိစေချင်တာပဲ ဖြစ်ပါတယ်။ ဒီလို သတိထားမိစေဖို့အတွက် ရွှေဝတ်ဆင်ထားတဲ့ နေရာက အရေးကြီးလှပါတယ်။ ဆိုလိုချင်တာကတော့ လူတွေ တွေ့မြင်လွယ်တဲ့နေရာမှာ ဝတ်ဆင်ဖို့ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ထင်မြင်မှုတချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ လက်ချောင်းမှာ ဝတ်ဆင်ခြင်း
လက်ချောင်းမှာ ဝတ်ဆင်လေ့ရှိတာကတော့ ရွှေလက်စွပ်ပါပဲ။ လက်စွပ်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ လူအများနှစ်သက်စွာဝတ်ဆင်တဲ့အဆင်တန်ဆာဖြစ်ပေမယ့် လူတွေများပြားတဲ့ ပွဲလမ်း အခမ်းအနားမျိုးသွားတဲ့အခါ ထင်ပေါ်နေဖို့ ခက်ပါတယ်။ လူတွေရဲ့  မျက်စိအကြည့်က မျက်နှာနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ဝိုက်မှာပဲ ရှိနေတတ်တာကြောင့် လက်ချထားတဲ့အခါ အိတ် ဒါမှမဟုတ် ပစ္စည်းတစ်ခု ကိုင်လာတဲ့အခါ လက်စွပ်ကို ဘေးလူက တွေ့မြင်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်လည်း အစားအစာ စားသောက်ကြတဲ့အခါမှာတော့ ဇွန်းကိုင်ရာမှာဖြစ်စေ၊ ခွက်ကိုင်ရာမှာ ဖြစ်စေ ဟန်လုပ်ပြီး စတိုင်ထုတ်လို့တော့ ရပါတယ်။

၂။ လက်ကောက်ဝတ်မှာ ဝတ်ဆင်ခြင်း
လက်ကောက်ဝတ်နေရာမှာတော့ ရွှေလက်ကောက်၊ ရွှေဟန်းချိန်း၊ ရွှေနာရီ စတာတွေကို ဝတ်ဆင်ကြလေ့ ရှိပါတယ်။ လက်ကောက်ဝတ်မှာ ဝတ်ဆင်တဲ့အတွက် လက်စွပ်ထက် ပိုမို တွေ့မြင်လွယ်ပါတယ်။ နောက်ပြီး လက်ကောက်တွေ ဟန်းချိန်းတွေက ရွှေရည်ချိန် ပိုမိုထည့်သွင်း ဖန်တီးရတာကြောင့် ထင်သာမြင်သာနဲ့ လူတွေရဲ့ အထင်ကြီးမှုကို ခံရနိုင်ပါတယ်။

၃။ နားမှာ ဝတ်ဆင်ခြင်း
ရွှေနားကပ်တွေ ဝတ်ဆင်ရာမှာ နားကို ပေါ်လွင်စေတဲ့ ဆံပင် ဒီဇိုင်းမျိုး ထားရင် ပိုအဆင်ပြေပါတယ်။ ဆံပင်ရှည်ပြီး နားကို ဖုံးအုပ်နေရင်တော့ နားကပ် ဝတ်ထားတာ ပေါ်လွင်မှာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း ဆံပင်နဲ့ ငြိလို့ နားကို ထိခိုက်မိတာမျိုးတောင် ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် နားကပ်ဝတ်ဆင်ပြီး ပွဲလမ်းအခမ်းအနားသွားမယ်ဆိုရင်တော့ ဆံပင်တိုတိုသာ ဖီးလိမ်း ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နားဆွဲလိုမျိုး လူသတိထားစေမယ့် အရာမျိုးလည်း ဝတ်ဆင်နိုင်ပါတယ်။

၄။ လည်ပင်းမှာ ဝတ်ဆင်ခြင်း
ဆွဲကြိုးကို လည်ပင်းမှာ ဝတ်ဆင်တာကတော့ ပိုပြီး ထင်သာမြင်သာ ရှိစေပါတယ်။ လူတွေရဲ့  မျက်စိအကြည့်ကလည်း ရှေ့တည့်တည့်ကိုသာ အများဆုံး ကြည့်တတ်တာကြောင့် လည်ပင်းမှာ ဆွဲကြိုးဝတ်ဆင်ထားခြင်းက ပိုလို့ သတိထားမိစေမှာ ဖြစ်ပါတယ်။ လည်ပင်းအလှကို ပေါ်စေတဲ့ အကျ အဝတ်အစားတွေကို ဝတ်ဆင်ရင်တော့ ပိုလို့တောင် ပြည့်စုံသွားမှာပေါ့။ ဒါတွေကတော့ ရွှေထည် ဝတ်ဆင်တဲ့နေရာတွေနဲ့ အကျိုးသက်ရောက်မှုတွေပါ။ ဘယ်နေရာမှာ ဝတ်ဆင်တာအကောင်းဆုံးဖြစ်မလဲ ဆိုတာကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြည့်လို့ ရပါတယ်။