ကျောက်မျက်အကြောင်းသိကောင်းစရာ, ပညာရေး

ကျောက်စိမ်းတူးဖော်နည်း

Jade Flaw

၁။ ကျောက်စိမ်းကို အကြောလိုက်တူးဖော်နည်း

ကျောက်စိမ်းကို စတင်တွေ့ရှိခဲ့ကြသည့် ရှေးခေတ်အခါက တူးဖော်နည်းများမှာ သိပ္ပံနည်းကျမဟုတ်ပေ။ ကျောက်စိမ်း၏ ပေါ်ထွက်ပိုင်းဆိုသောအပေါ်ပိုင်းတစ်ခုတွေ့ကြလျှင် ဖောက်ခွဲပြီးနောက် အောက်ပိုင်းအရောက်တူးဖော်ကြသည်။ ထိုကဲ့သို့တူးဖော်ရာတွင် အပေါ်ပိုင်းအစမှာ လွယ်ကူသော်လည်း အောက်ပိုင်းသို့ တဖြည်းဖြည်းရောက်လာသည်နှင့်အမျှ မြေအောက်ရေကို စုပ်ထုပ်ရာတွင် မောင်းလက်တံ၌ သံပုံးချည်၍ ရေကိုအပေါ်သို့ သယ်တင်ယူပြီးဖယ်ထုတ်သောနည်းကိုလည်းကောင်း၊ ဝါးလုံးပြွန်ရှည်ကြီးများကို ရေနံစုပ်ဘုံပိုင်ကဲ့သို့ ပြုလုပ်၍ စုပ်ထုတ်သောနည်းကိုလည်းကောင်း သုံးကြသည်။ ၁၉၃၀ နောက်ပိုင်းအချိန်မှစတင်၍ ခေတ်မှီရေစုပ်စက်များကို အသုံးပြုလာနိုင်ကြတော့သည်။ ရှေးခေတ်က ကျောက်စိမ်းကြောကို ထုခွဲရာတွင် ကျောက်စိမ်းပေါ်ထွက်ပိုင်းနေရာကို အမှိုက်များ၊ ထင်းများဖြင့် စုပုံမီးရှို့ပြီး ချက်ချင်းရေဖြန်း၍ ရုတ်တရက်အအေးခံလိုက်ပြီးမှ တူများ၊ ပုဆိန်များဖြင့် ရိုက်ခွဲကြသည်။၎င်းနည်းသည် မိုင်းသမားများ၏ ကျန်းမာရေးကို အန္တာရယ်ဖြစ်စေသည့်အပြင် ကျောက်စိမ်းတုံးများကိုလည်း ကွဲအက်ပျက်စီးစေသည်။ ၁၉၃ဝခုနှစ်နှောင်းပိုင်းတွင် စိန်လွန်တွင်းတူးခြင်း၊ ယမ်းဘီလူးအသုံးပြု၍ ဖောက်ခွဲခြင်းအစရှိသည့်နည်းများကို အသုံးပြုလာကြသည်။

၂။ ကျောက်စိမ်းကို စရစ်ဖြုန်းကျောက်တုံးကြီးများထဲမှ တူးဖော်နည်း

မြစ်ချောင်းအင်းအိုင်တို့ထဲရှိ စရစ်ဖြုန်းကျောက်တုံးကြီးများထဲမှဖြစ်စေ၊ ကုန်းပေါ်ရှိစရစ်ဖြုန်းကျောက်တုံးကြီးများထဲမှဖြစ်စေ၊ ကျောက်စိမ်းများကိုတူးဖော်ရာတွင် (၁)အပေါ်ယံမြေလွှာကိုဖယ်ရှားပစ်ရခြင်း (၂)ကျောက်ကြောရှိရာသို့ရောက်သောအခါကျောက်စိမ်းအတုံးများကိုရွေးထုတ်ယူရခြင်း (၃)မြေအောက်ရေများကိုစုပ်ထုတ်ပစ်ရခြင်းစသည်တို့ကို အဆင့်ဆင့်ပြုလုပ်ကြသည်။ မြေအောက်ရေအောက်စရစ်ဖြုန်းကျောက်တုံးကြီးများထဲမှ ကျောက်စိမ်းများကို တွေ့ရသောတူးဖော်နည်း သုံးမျိုးရှိသည်။

(၁) ကုန်းကျင်းတူးနည်း

မိုးလွတ်ချိန် နွေရာသီတွင် တောင်စောင်းများနှင့် တောင်ကြားချိုင့်ဝှမ်းများ၌ ပေ ၂ဝ နက်သည်အထိ တူးရသည်။ ယင်းတွင်းများကို သစ်သားဘောင်ခတ်ခြင်း၊ တုတ်ခြင်းများ မပြုလုပ်ကြပါ။ ယျေဘုယျအားဖြင့် တစ်ကျင်းလျှင်လူသုံးယောက်အလုပ်လုပ်ရသည်။ နှစ်ယောက်ကတူးပြီး ကျန်တစ်ယောက်က အပေါ်သို့ တင်ရသည်။ အပေါ်ယံမြေလွှာ၏ အထူမှာ တစ်နေရာနှင့်တစ်နေရာ မတူပေ။ ကျောက်ကြောသို့ ရောက်သောအခါ ကျောက်တုံးတိုင်းကို သေသေချာချာကိုင်တွယ်ပွတ်သပ်ကြည့်၍ အထပ်ထပ်စစ်ဆေးရသည်။ အောက်ခံကျောက်လွှာကို ဖားကျောက် ဟုခေါ်ကြသည်။ ဖားကျောက်သို့ရောက်လျှင် အောက်၌ ကျောက်စိမ်းမရှိနိုင်တော့သောကြောင့် တွင်းတူးခြင်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်ကြတော့သည်။ ကျောက်စိမ်းတွင်းတူးရန်အတွက် နေရာရွေးချယ်ရာတွင် ပုံမှန်အားဖြင့် အပေါ်ယံမြေလွှာ၏ အထူ၊ ကျောက်စိမ်းတုံး၏ အရွယ်အစားနှင့် အရည်အသွေး၊ အောက်ဆုံးလွှာဖားကျောက် စုစုပေါင်းအောက်အနက်ပေ၊ မြေအောက်စိမ့်ရေအနည်းအများ၊ ကျောက်စိမ်းတုံးနှင့် ရိုးရိုးကျောက်တုံးတို့၏ အချိုးအစားဟူသော အချက်အလက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားပြီးမှ ရွေးချယ်တူးဖော်ရသည်။

(၂) ရေကျင်းတူးနည်း

ကျောက်စိမ်းကို ရေကျင်းတူးဖော်ရာတွင် လုပ်ထုံးလုပ်နည်းများမှာ ကုန်းကျင်းတူးဖော်နည်းနှင့် မခြားနားလှပါ။ သို့သော် ရေစုပ်ထုတ်ရန် ပြဿနာမှာ ပိုမိုကြီးမားခက်ခဲလက်ဝင်လှသည်။ ၎င်းကိုရေစုပ်စက်ဖြင့် စုပ်ထုတ်ရသဖြင့်”စက်ကျင်း”ဟုလည်း ခေါ်ကြသည်။

၃။ မျောတိုက်တူးဖော်နည်း

ကျောက်စိမ်းကို မိုးရာသီတွင် မျောတိုက်၍ တူးသောနည်းသည် လူကြိုက်များသောနည်းတစ်ခုဖြစ်သည်။ မတ်ဆောက်သောမြစ်ဝှမ်းများတွင်သော်လည်းကောင်း၊ တောင်စောင်းတွင်သော်လည်းကောင်း၊ ရေအများအပြားရနိုင်သောနေရာများတွင်သော်လည်းကောင်း မျောများတည်ဆောက်၍ မျောတိုက်ပြီး ကျောက်စိမ်းကို တူးဖော်ကြသည်။ ထိုသို့တူးဖော်နည်းမှာ ရေလုံလောက်စွာရရှိရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ တစ်နှစ်ပတ်လုံး ရေရနိုင်သောအရပ်မှ ရေကို တောင်စောင်းခါးပန်းများမှပတ်လျက် မြောင်းများဖောက်လုပ်ပြီး လိုအပ်သောနေရာသို့ ရောက်အောင်သွယ်ယူရသည်။ တစ်နှစ်ပတ်လုံးရေရရှိရန် ရေသွယ်ပြီးနောက် ကျောက်စိမ်းရရှိရန် အကောင်းဆုံး အလားအလာရှိသောနေရာကို ရွေးချယ်ပြီး ယင်းမြေကွက်၏ မျက်နှာပြင်မြေလွှာကို ရေအားဖြင့် မှုတ်ကာ လူအကူအညီအနည်းငယ်ဖြင့် ဖယ်ရှားပစ်ရသည်။ အပေါ်ယံမြေလွှာကုန်သွားသောအခါ ကျောက်စိမ်းတုံးများရှိသောအလွှာကို ရေအားသုံးကာ မြေသားများကိုဖယ်ရှား၍ ကျောက်တုံးများစွာထဲကမှ ကျောက်စိမ်းတုံးကို ရွေးချယ်ဖော်ထုတ်ယူကြသည်။