ပြည်ပသတင်း

၅ ရာစုဝန်းကျင်က ရတနာတွေ ခိုးတူးသူ ၂ ဦးကို ထောင်ဒဏ်ချမှတ်

Coin

အင်္ဂလန်နိုင်ငံ၊ ဟီးရားဖို့ဒ်ရှိုင်းရားဒေသက အမျိုးသား ၂ ဦးဟာ ရှေးဟောင်းလက်ဝတ်ရတနာတွေကို
တူးဖော်အောင်မြင်ခဲ့ပေမယ့် အစိုးရရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရတယ်လို့ The Guardian သတင်းဌာနက ရေးသားဖော်ပြပါတယ်။ သူတို့ဟာ မြေကြီးထဲကနေ စတာလင်ပေါင် 12 သန်း တန်ကြေးရှိ ရှေးဟောင်း ရွှေထည်နဲ့ ငွေထည်ပစ္စည်းတွေကို ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး ဒီအတွက်ကြောင့်ပဲ အစိုးရရဲ့ ဖမ်းဆီးအပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ George Powell နဲ့ Layton Davies လို့အမည်ရတဲ့ ဒီအမျိုးသား ၂ ဦးဟာ အစိုးရကို အသိမပေးဘဲ တူးဖော်ရှာဖွေစဉ် ရှေးဟောင်းရတနာတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် ရှေးဟောင်း စစ်ပွဲတစ်ခုအတွင်း ပျောက်ဆုံးခဲ့တဲ့ ရတနာတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
ရတနာတွေဟာ Alfred ဘုရင်နဲ့ Ceolwulf II ဘုရင်တွေလက်ထက်က ပစ္စည်းတွေ ဖြစ်ဖွယ်ရှိပြီး ဆွဲသီး၊ လက်စွပ်နဲ့ တခြား နန်းတွင်းသုံး လက်ဝတ်ရတနာတွေ ပါဝင်တာဖြစ်ပါတယ်။ ခန့်မှန်းခြေ 5 ရာစုနှစ်နဲ့ 9 ရာစုနှစ်အတွင်းက လက်ရာတွေ ဖြစ်ဟန်ရှိပြီး အမျိုးသား ၂ ဦးအနေနဲ့ အာဏာပိုင်တွေကို အသိမပေးဘဲ တူးဖော်ပြီး ပြန်ရောင်းစားဖို့ ကြိုးပမ်းခဲ့တာကြောင့် ထောင်ဒဏ်ချ အပြစ်ပေးခံရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အစိုးရအနေနဲ့ ဒီရတနာတွေကို ရှေးဟောင်းပြတိုက်နဲ့ သုတေသနအဖွဲ့အစည်းတွေထံ လွှဲပြောင်းပြီး အများပြည်သူအကျိုးတွေ အသုံးပြုဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ Powell နဲ့ Davies တို့ဟာ Lord Cawley ပိုင်ဆိုင်တဲ့ ဒီမြေနေရာမှာ ရတနာပစ္စည်းတွေကို ရှာဖွေဖို့ 2015 ခုနှစ်၊ ဇွန်လကတည်းက စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး မြေပိုင်ဆိုင်သူ Cawley ကလည်း
သူ့ရဲ့ မြေနေရာကို တူးဖော်ခွင့် မပေးခဲ့ဖူးလို့ သိရပါတယ်။ ဒါအပြင် အာဏာပိုင်တွေကိုပါ အသိမပေးခဲ့တာကြောင့် အခုလို ကြီးကျယ်သွားခဲ့တာဖြစ်ပြီး Worcester Crown တရားရုံးကလည်း ဒီအကြောင်းကို ကြားသိခဲ့ပါတယ်။ Wessex တိုင်းပြည် ဘုရင် Alfred နဲ့ Mercia ပြည်ဘုရင် Ceolwulf II တို့လက်ထက်က ပစ္စည်းတွေဖြစ်ဖွယ်ရှိတဲ့
ဒီရတနာတွေဟာ အင်္ဂလန်နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ ဖြစ်ပါတယ်။
ကောလဟာလသတင်းအချက်အလက်တွေအရ ဒီအမျိုးသား ၂ ဦးဟာ မြေနေရာကနေ အဖိုးထိုက်တန်တဲ့
ရွှေနဲ့ ငွေချောင်းတွေကို တူးဖော်ရရှိခဲ့တာဖြစ်ပြီး အာဏာပိုင် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းရာမှာတော့ ရွှေဒင်္ဂါးပြား 30 ခန့်နဲ့သာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ အတည်မပြုနိုင်တဲ့ အချက်အလက်တွေအရ သူတို့ ၂ ဦး
တူးဖော်ရရှိတဲ့ ရွှေဒင်္ဂါးပြားက အခု 300 ခန့်ရှိတယ်လို့လည်း ဆိုကြပါတယ်။
အာဏာပိုင်တွေအနေနဲ့ ဒီလို ရွှေဒင်္ဂါးပြားတွေ ပျောက်ဆုံးနေသေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တခြားသော ရှေးဟောင်းပစ္စည်းစုံစမ်းရေးအဖွဲ့တွေကို သတိပေးထားသလို ပျောက်ဆုံးနေတဲ့ ရှေးဟောင်း ဒင်္ဂါးတွေ ပြန်လည် ရှာဖွေမှုမှာလည်း ပါဝင်ကူညီပေးကြဖို့ တောင်းဆိုထားကြပါတယ်။