ဆောင်းပါး

ပုလဲရဲ့ ပဟေဠိဆန်တဲ့ မျက်ဝန်း

333333

ပဟေဠိဆန်တဲ့ မျက်ဝန်းသဖွယ် ထူးခြားဆန်းကျယ်လှတဲ့ ပုလဲလေးတွေရဲ့ အကြောင်းကို ပြောပြပါမည်။ ပုလဲလေးတွေမှာ ကိုယ်ပိုင်အရည်အသွေး အပြည့်အဝရှိပါသည်။ ဖြူစင်ဝင်းပပြီး ကြည်လင်တောက်ပတဲ့ ဂုဏ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ရတနာထည်တစ်မျိုးလည်းဖြစ်ပြီး ထူးခြားမှုများစွာလည်းရှိသည်။ အဖြူရောင်နဲ့ အဝါရောင်ဆိုပြီး ပုလဲအမျိုးအစား ( 2 ) မျိူးရှိသည်။

ပုလဲကို သဘာဝမုတ်ကောင်လေးတွေမှ တဆင့် ရရှိပါသည်။ သဘာဝအလျောက် မုတ်ကောင်လေးတွေမှ ပုလဲလေးတွေရရှိခြင်းသည် အခြားသောတွင်းထွက်ရတနာများနှင့် ကွာခြားသော ထူးခြားချက်ဖြစ်ပြီး သဘာဝကပေးသော အဖိုးတန်ရတနာလေးလဲဖြစ်ပါသည်။ ပုလဲရဲ့ ဖြူစင်ဝင်းပမှုဟာ ကြည်လင်အေးချမ်းခြင်းနိမိတ်ကို ဆောင်ပြီး ဝတ်ဆင်ကြသူတိုင်းလည်း ပုလဲလုံးလေးသဖွယ် ဖြူစင်မှု၊ ဝင်းဝါတောက်ပမှု၊ ကြည်လင်အေးချမ်းမှု၊ တင့်တယ်ထည်ဝါမှု စသော ဂုဏ်ကျက်သရေအပေါင်းနှင့် ပြည့်စုံလှပစေပါသည်။ အခြား လက်ဝတ်ရတနာလေးတွေနဲ့အတူ ပုလဲလေးတွေနဲ့ သီကုံးထားတဲ့ ဘယက်လေးတွေကိုယှဉ်တွဲဝတ်ဆင်ခြင်းဖြင့် ပွဲလယ်မှာ ပိုမိုလှပတင့်တယ်စေပါသည်။

ပုလဲ၏ တန်ဖိုးနှင့် အလှ ထူးခြားပေါ်လွင်သောကြောင့် ဟိုးယခင် တေးရေးဆရာများက ချစ်သူ၏ အလှဂုဏ်နှင့်တန်ဖိုးကို တင်စားဖော်ပြတဲ့အခါမှာ ပုလဲလုံးလေးကဲ့သို့ တင်စားခိုင်းနှိုင်းကြသည်။ ချစ်သူရဲ့ မျက်ဝန်းတစ်စုံကို စူးရှထက်မြက်တဲ့ ပုလဲလုံးလေးဟု ချီးကျူးခေါ်ဝေါ်ကြသည်။ ပုလဲမျက်ဝန်း ပေါ်ပေါက်လာပုံလေးက အရမ်းကို ထူးခြားဆန်းကြယ်လှပါသည်။ ပုလဲလုံးလေးတွေကို အထူးဂရုစိုက် တန်ဖိုးထားဝတ်ဆင်ခြင်းဖြင့် တန်ပြန်သက်ရောက်မှုမှာလည်း အပြစ်ကင်းစင်တဲ့ ပုလဲလုံးလေးအတိုင်း ထပ်တူယုံကြည်ခံစားရပြီး လူတိုင်းကိုယ်စီမှာ ရှိကြတဲ့ ပုလဲလုံးလေးသဖွယ် မျက်ဝန်းလေးတွေဟာ သက်ဝင်လှုပ်ရှားနေသလို ခံစားရသည်။ ထို့ကြောင့် ထူးခြားဆန်းကြယ် အံ့ဩစိတ်ဝင်စားဖွယ်ကောင်းတဲ့ “ ပုလဲရဲ့ ပဟေဠိဆန်တဲ့ မျက်ဝန်း ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အခြားသော ကျောက်မျက်ရတနာများနှင့်မတူ ပုလဲဟာ တန်ဖိုးအလွန် ကြီးမားလှသည်။

ကျောက်မျက်ရတနာများသည် မြေအောက်မှထွက်ပေါ်လာသောကြောင့် မြေအောက်တွင်းထွက်ဟု ပြောကြသည်။ ပုလဲသည် မြေအောက်မှထွက်ပေါ်လာခြင်းမဟုတ်ဘဲ သဘာဝအတိုင်း ပင်လယ်သမုဒ္ဒရာကြီးထဲမှာ ရှင်သန်နေထိုင်ကြသည့် ပင်လယ်မုတ်ကောင်လေးများ၏ ဝမ်းဗိုက်များထဲတွင်  ဖြစ်တည်လာသော အဖိုးတန် ပုလဲလေးတွေဖြစ်သည်။ ထို့ကြောင့် ပုလဲသည် တခြားတွင်းထွက်ပစ္စည်းတွေထက် ထူးခြားချက်များစွာရှိသည်။ တန်ဖိုးထားပုံနှင့် တန်ဖိုးရှိပုံခြင်းလည်း ကွာခြားကြသည်။ ပုလဲနက်သည် ပုလဲများထဲတွင် အလွန်ရှားပါးသော အရာဖြစ်သည်။ အနောက်ဥရောပနိုင်ငံများတွင် ပုလဲနက်ကို လေးလေးနက်နက် တန်ဖိုးထားဝတ်ဆင်ကြသည်။ မြန်မာနိုင်ငံတွင်မူ လူတိုင်းကိုယ်စီ ပုလဲဖြူ သို့မဟုတ် ပုလဲဝါလေးများကို ကိုယ်တိုင်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းပုံစံဖန်တီးပြီး ဝတ်ဆင်ကြသည်ကိုတွေ့ရှိရသည်။ ပုလဲကို ယုံကြည်မှုအပြည့်နှင့် ဝတ်ဆင်သောကြောင့် ပုလဲတွင်ရှိသော အလှဂုဏ်ကျက်သရေအားလုံးကို ဝတ်ဆင်သူတိုင်း ထပ်တူအကျိူးခံစားရသည်။ ရေမွှေး၊ မိတ်ကပ်များကို ဆွတ်ဖြန်းလိမ်းပြီးမှ ပုလဲကို ဝတ်ဆင်ခြင်း၊ ဝတ်ဆင်ပြီးလျှင်လည်း နူးညံ့စိုစွတ်သောအဝတ်ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ သန့်စင်ပြီး အဝတ်ခြောက်နှင့် ပြန်သုတ်ပေးခြင်းဖြင့် ပုလဲလေးတွေကို ဂရုတစိုက် ဝတ်ဆင်သင့်ပါသည်။

ပုလဲကို သိမ်းဆည်းသောအခါမှာလည်း ပူပြင်းခြောက်သွေ့ပြီး လေလုံသောနေရာတွင် ထားမယ်ဆိုလျှင် ရေထည့်ထားသော ဖန်ခွက်လေးအနားမှာ ထားရှိဖို့ လိုအပ်ပါသည်။  ဤအချက်တွေကို ဗဟုသုတအနေနှင့်ရော မိမိကိုယ်တိုင် ဆင်မြန်းတဲ့အခါမှာ အခက်အခဲမရှိစေရန် မှတ်သားထားသင့်ပါသည်။ ပုလဲလေးတွေနဲ့စီခြယ်ထားတဲ့လက်ဝတ်ရတနာလေးတွေကို ဝတ်ဆင်ပြီး ဂုဏ်ကျက်သရေ မင်္ဂလာအပေါင်းနှင့် အမြဲပြည့်စုံကြပါစေကြောင်း တောင်းဆုပန်လျက်  …