ရွှေအကြောင်းသိကောင်းစရာ

တော်ဝင်နန်းဆန်သောအလှတရားကို ပေးစွမ်းနိုင်သည်မှာရွှေဒေါင်းဘယက်ပါ

thebeautyofthegoldnecklace

ရှေးခေတ်အခါက မြန်မာ့ဘုရင်၊ မိဖုရားများသည် လက်ဝတ်ရတနာများကို အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ခဲ့ကြသည်။ ရွှေ ကျောက်မျက်ရတနာ ပစ္စည်းများကိုလည်း အဆောင် အဖြစ်လည်းကောင်း၊ လက်ဝတ်တန်ဆာ အဖြစ်လည်းကောင်း ဝတ်ဆင်လေ့ ရှိကြပါသည်။ ကြယ်၊ လ၊ ပန်း၊ ကနုတ် စသည့် ပုံစံ အမျိုးမျိုးဖြင့် ပြုလုပ် ပုံဖော်သည့်အနက် ဒေါင်းပုံစံ ပြုလုပ်ခြင်းသည်လည်း အပါအဝင် ဖြစ်ပါသည်။

သက်ရှိ သတ္တဝါလည်း ဖြစ်သည့် ဒေါင်း၏ အလှသည် မြင်သူတကာ ရင်ထဲ ထိရောက်စေအောင် ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။ ထိုကဲ့သို့ ရတနာ ပုံဖော်ရာတွင် ဒေါင်းအလှသည် တုနှိုင်း မရလောက်အောင် ကျက်သရေရှိလှပါသည်။ ရှေးခေတ်အခါက ဘုရင့်နန်းဆက်များ အသုံးပြုလေ့ရှိသည့်တိုင်အောင် ယခုခေတ်အခါတွင်လည်း အသုံးပြုနေလေ့ရှိသည်။

ပြုလုပ်ပုံဖော်ရာတွင်လည်း လက်ဖြင့် ပြုလုပ်ခြင်းနှင့် စက်ဖြင့် ပုံဖော် ပြုလုပ်ခြင်း နည်းလမ်းများ ရှိပါသည်။ ရှေးခေတ်အခါက လက်ဖြင့် အနုစိတ် ပုံဖော်လေ့ရှိခဲ့ပြီး ယခုတွင် လက်ဖြင့်သော်လည်းကောင်း၊ စက်ဖြင့် ပုံဖော် ပြုလုပ်ခြင်းသော်လည်းကောင်း ပုံဖော်လာကြပါသည်။ စက်ဖြင့် ပြုလုပ်ခြင်းသည် အနုစိတ် လက်ရာသေသပ်လှပြီး လက်ဖြင့် ပြုလုပ်ခြင်းသည်လည်း ပန်းထိမ်ဆရာ၏ လက်ရာအနုပညာ စိတ်ကူး စိတ်သန်းများဖြင့် အနုစိတ် ပုံဖော်ခြင်းကို အသေးစိတ် မြင်တွေ့ရပါသည်။

ရွှေဘယက်လေးများသည် ရှေးအစဉ်အလာ ကာလချိန်ခါမှ ယခုတိုင် မရိုးရှင်းနိုင်သည့် အလှတရားများကို ပေးစွမ်းနိုင်ပါသည်။

ပျိုမေတို့၏ လည်တိုင်လှလှလေးပေါ်မှာ ကျော့မော့လှပမှုများ ပေါ်လွင်စေသည့် တော်ဝင်နန်းထိုက်သော အလှတရားများ ပေးစွမ်းနိုင်သည်မှာ ရွှေဒေါင်းဘယက်များ၏ အစွမ်းသတ္တိ တစ်ခုပင် ဖြစ်ပါတော့သည်။