ပြည်ပသတင်း

ကလေးငယ်များနှင့် ကိုဗစ် 19 ကူးစက်မှု

covid and baby

ဒီတစ်ပတ်အတွက် ရွေးချယ်ထားတဲ့ အကြောင်းအရာလေးကတော့ တစ်ကမ္ဘာလုံးမှ ာကိုဗစ် 19 ရောဂါကူးစပ်မှုနှုန်းမြင့်တက်နေတာနဲ့အမျှ ကလေးငယ်များအပေါ်မှာလည်း ကိုဗစ် 19 ကူးစက်မှုအခြေအနေလေးတွေကို အားလုံး ဗဟုသုတရရှိစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ပါတယ်။

သြဂုတ် 5 ရက် သတ္တပတ်အတွင်း ကလေးငယ် 93000 ကျော်သည် Coronavirus ကူးစက်ခံရကြောင်း လေ့လာတွေ့ရှိချက် စစ်တမ်းတွေမှာ ဖော်ပြထားပြီး ဒါဟာ လွန်ခဲ့သော 3 ပတ်က ထက် 400 ရာခိုင်နှုန်းထိ တိုးလာတာပဲ
ဖြစ်ပါတယ်။ အများဆုံးကူးစက်ခံရသော ကလေးများမှာ အပျော့စားရောဂါလက္ခဏာကို ခံစားသော်လည်း ပုံမှန်ဖျားနာမှုထက်တော့ ရောဂါခံစားရနှုန်းမှာ မြင့်မားပါတယ်။ ကိုဗစ် 19 ကြောင့် အသက် 18 နှစ်အောက် ကလေး 200 ကျော်သည် အမေရိကန်ပြည်ထောင်စု၌ နေ့စဉ်ဆေးရုံတင်နေရပါတယ်။
အသက် 12 နှစ် အောက်ကလေးသူငယ်များအပေါ် ကာကွယ်ဆေးထိုးနှံရေးမှာလည်း စမ်းသက်လေ့လာဆဲအခြေအနေတစ်ခု ဖြစ်တာကြောင့် ကလေးငယ်များအပေါ် ကိုဗစ် 19 ကူးစက်မှုမှအကောင်းဆုံး
ကာကွယ်ပေးရန်အတွက် အောက်ဖော်ပြပါအခြေအနေများကိုလုပ်ဆောင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။

နံပတ် 1 အနေနဲ့ အားနည်းသော ကလေးများကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့၏အနီးကပ်
ထိတွေ့သူအားလုံးကို ကာကွယ်ဆေးထိုးရန်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်စုရှိလူကြီးများအားလုံး ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးထားသူများသည် ကာကွယ်ဆေးမထိုးထားသောသူများ နှင့်နှိုင်းယှဉ်ပါက ၎င်းတို့တွင် Coronavirus ကူးစက်နိုင်ခြေကို 8 ဆလျော့ကျစေတဲ့အတွက် အသက် 12 နှစ်နှင့်အထက် ဆယ်ကျော်သက်များ၊ ညီငယ် ညီမငယ်များကိုကာကွယ်ရန် ကာကွယ်ဆေးထိုးသင့်သည်။

နံပတ် 2 အနေနဲ့အပြင်ထွက်တဲ့အခါမှာ ကာကွယ်ဆေးမထိုးရသေးသူများအနေနဲ့ နှာခေါင်စည်း Mask တပ်ခြင်းကို ဂရုစိုက်အလေးထားပါ။ ကလေးငယ်များအတွက်လည်း ကလေးသုံးသင့်တော်သော Mask ကိုတပ်ဆင်ပေးပါ။ Mask ရဲ့ အရည်အသွေးပေါ် မူတည်ပြီး ကူးစက်နိုင်ချေကလည်း ကွာခြားတာကြောင့် ဖြစ်နိုင်လျှင် လုံခြုံမှုအပြည့်အ‌ဝပေးနိုင်သော N95 ( သို့မဟုတ် ) KN95 ကိုသုံးပါ။

နံပတ် 3 အနေနဲ့ ကလေးငယ်များကို လေဝင်လေထွက်ကောင်းသော နေရာမှာထားပါ။ ကလေးများကို
ကျောင်းတက်တဲ့အခါမှာလည်း အခန်းတွင်းအခြေအနေနဲ့ ပတ်ဝန်းကျင်အခြေအနေများကို လေ့လာပြီးမှ
ထားဖို့လိုအပ်ပါတယ်။

နံပတ် 4 အနေနဲ့ကတော့ ကလေးငယ်များကို လုံလောက်သော အိပ်စက်ချိန်ရှိဖို့ နဲ့ တစ်နေ့တာအတွက် အာဟာရ
ပြည့်အောင် ဂရုတစိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်များဟာ လူကြီးများထက်
ကိုယ်ခံအားနည်းတာကြောင့် ကိုဗစ် 19 ရောဂါ မဟုတ်ရင်တောင် အ‌ခြားရောဂါများအလွယ်တကူ
ဖြစ်ပွားလွယ်တာကြောင့် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။

နံပတ် 5 အနေနဲ့ကတော့ ပုံမှန်လှုပ်ရှားမှုရှိပါစေ။ အချို့မိဘတွေက အစိုးရိမ်လွန်စွာ ကလေးငယ်များကို
မဆော့ကစားခိုင်းပဲ အခန်းထဲမှာပဲ TV ကြည့်ခိုင်းခြင်း Game ဆော့ခိုင်းခြင်းများကို ပြုလုပ်စေတာကြောင့် လှုပ်ရှားမှုမရှိဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေအနေနဲ့ ပုံမှန်လှုပ်ရှားကစားခြင်းကိုတော့ ခွင့်ပြုပေးဖို့လိုအပ်ပါတယ်။

နောက်ဆုံး နံပတ် 6 အနေနဲ့တော့ ကလေးငယ်များကို စိတ်ပိုင်းဆိုင်ရာအတွက် ပိုပြီး ဂရုစိုက်စောင့်ရှောက်ဖို့
လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်များဟာ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှုနည်းပါးလာခြင်း ရွယ်တူသူငယ်ချင်းများနဲ့လဲ အရင်လိုတွေ့ဆုံဖို့ ခက်ခဲလာတဲ့အပြင် မိဘများရဲ့ကျန်းမာရေးအခြေအနေများ
ကြုံတွေ့ရမှုအပေါ် အနည်းနဲ့အများ စိတ်ဖိစီးမှုအဖြစ် ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ စိတ်ချမ်းသာမှ ကိုယ်လည်းကျန်းမာမှာမို့ လူကြီးမိဘများအနေနဲ့ ကလေးငယ်များအပေါ်သီးသန့်အချိန်တစ်ခုပေးပြီး စာအုပ်ဖတ်ပြခြင်း၊ ဆော့ကစားပေးခြင်းနဲ့ စကားပြောပေးခြင်းများ ပြုလုပ်ပေးဖို့ကိုလည်း အကြံပြုတိုက်တွန်းချင်ပါတယ်။

ကိုဗစ် 19 ရောဂါဟာ ကလေးငယ်များအပေါ် ကူးစက်နိုင်ချေရှိပေမဲ့ သေဆုံးမှုနှုန်းကတော့ အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ ကိုဗစ် 19 ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းဖြင့် မိမိတို့ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ကြဖို့ အရေးကြီးပါတယ်။ အခုမျှဝေပေးခဲ့တဲ့ ကလေးငယ်များနှင့် ကိုဗစ် 19 ကူးစက်မှု အခြေအနေလေးတွေနဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို သတိပြုပြီး မိမိ မိသားစုနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးငယ်လေးတွေကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။