ရာသီဖွားအဆောင်ကျောက်

Taurus (သို့မဟုတ်) ပြိဿရာသီဖွားတွေရဲ့စိတ်နေသဘောထားနဲ့တစ်သက်တာအဆောင်ကျောက်

taurus gemstone, u hton goldsmith , myanmar

ဧပြီလ (၂၀)ရက်နေ့မှ မေလ (၂၀)ရက်နေ့အတွင်း မွေးဖွားသူများကို (Taurus)ပြိဿရာသီဖွားများလို့ သတ်မှတ်နိုင်ပါတယ်။ ဂြိုလ်အားဖြင့် သောကြာဂြိုလ်လွှမ်းမိုးမှုရှိပြီး ဓာတ်သဘာဝအဖြစ် ပထဝီမြေဓာတ်စိုးမိုးတဲ့ရာသီခွင်ဖြစ်ပါတယ်။

ပြိဿရာသီဖွားတွေဟာ စိတ်ရှည်သည်းခံနိုင်စွမ်းအရှိဆုံးရာသီဖွားတွေ ဖြစ်ကြပါတယ်။ လက်တွေ့ကျကျလုပ်ကိုင်ဆောင်တတ်သူတွေဖြစ်တဲ့အပြင် သစ္စာတရားကို လက်ကိုင်ထားကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ တာဝန်သိစိတ်ရှိပြီး အခက်အခဲတွေ ရင်ဆိုင်ရင်လည်း တည်ငြိမ်စွာစဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိသူတွေ ဖြစ်ကြပါတယ်။

ပြိဿရာသီဖွားတွေဟာ အရာရာကို စေ့စပ်သေချာစွာ လုပ်တတ်သလို တစ်ခါတစ်ရံမှာ ခေါင်းမာပြီး၊ မခံချင်စိတ်လည်း ရှိတတ်ကြပါတယ်။ သူတို့ဟာ အခြားသူတွေရဲ့ ယုံကြည်အားကိုးခြင်းခံရတဲ့ရာသီဖွားတွေလည်း ဖြစ်ပါတယ်။ ပြိဿရာသီဖွားတွေဟာ နှလုံးသားနူးညံသိမ်မွေ့ပြီး ဂီတသံစဉ်တွေနားဆင်ရတာကို အလွန်နှစ်သက်သူတွေ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တတ်တာကြောင့် အနုပညာလုပ်ငန်း၊ ပန်းချီ၊ ပန်းပုနဲ့ တေးရေး တေးဆို စတဲ့ အနုပညာအလုပ်တွေမှာ အောင်မြင်ကျော်ကြားလေ့ရှိပါတယ်။

ပြိဿရာသီဖွားတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး မိမိကိုယ်ကိုအကောင်းဆုံးလို့ ခံယူထားတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ပျော်ပျော်နေတတ်တာကြောင့် စိတ်ဖိစီးမှု၊ စိတ်ရှုပ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သူတို့ဟာ အရာရာကို လေ့လာမှုအားကောင်းပြီး ရှေးရိုးစွဲအယူဝါဒတွေကိုလည်း လက်ခံနိုင်ကြသူတွေ ဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းနည်းပြီး တကယ်ခင်တဲ့သူတွေကိုပဲ အပေါင်းအသင်းလုပ်လေ့ ရှိကြပါတယ်။ သူတို့ဟာဖြတ်ထိုးဉာဏ်ကောင်းကြပြီး အတွေးအခေါ်တွေလည်း အများနဲ့ မတူဘဲထူးခြားတာကြောင့် လူထူးလူဆန်းတွေလို့တောင် အချို့က သတ်မှတ်ကြပါတယ်။ အသစ်သစ်တွေကို ဖန်တီးရတာနှစ်သက်ပြီး လူအများလေးစားအားကျရတဲ့ ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။ ဝတ်စားဆင်ယင်မှုမှာလည်း အမြဲစမတ်ကျနေကြသူတွေ ဖြစ်ပါတယ်။

ပြိဿရာသီဖွားတွေဟာ အချစ်ရေးမှာတော့ ခန့်မှန်းရခက်တဲ့သူမျိုးတွေ ဖြစ်ကြပါတယ်။ ဖွင့်ပြောဖို့ကို တွေဝေတတ်တာကြောင့် နောက်ကျကျန်လေ့ရှိပြီး အချစ်ကံခေတတ်ကြပါတယ်။ ချစ်မိပြီဆိုရင်တော့ အရူးအမူးချစ်တတ်ပြီး အိမ်ထောင်ရေးကံကောင်းကြသူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ချစ်ရတဲ့ချစ်သူကို အမြဲစိတ်ချမ်းသာအောင်ထားတတ်တဲ့ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။ အယုအယကြိုက်ပြီး သစ္စာရှိမှုကို လိုလားကြသူတွေလည်း ဖြစ်ပါတယ်။ ကံစပ်တဲ့ရာသီခွင်တွေကတော့ ဗြိစ္ဆာရာသီဖွားနှင့် ကရကဋ်ရာသီဖွားတွေ ဖြစ်ကြပါတယ်။

ပြိဿရာသီဖွားတွေဟာ ပရိဘောဂ၊ ပန်းချီ၊ ပန်းပု၊ ကုန်သွယ်ရေး၊ သစ်လုပ်ငန်း၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတို့မှာ အထူးအကျိုးပေးကြပြီး ကံကောင်းစေတဲ့‌အရောင်ကတော့ အစိမ်းနဲ့ပန်းရောင်တို့ ဖြစ်ပါတယ်။  အကျိုးဂဏန်းတွေကတော့ ၂၊ ၆၊ ၉၊ ၁၂၊ ၂၄ တို့ဖြစ်ပြီး တစ်သက်တာအတွက်အကျိုးပေးတဲ့အဆောင်ကျောက်ကတော့ Amber လို့ခေါ်တဲ့ ပယင်းကျောက်လေးပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ပြိဿရာသီဖွား Taurus လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ သူရဲ့ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။