ရာသီဖွားအဆောင်ကျောက်

Scorpio (သို့မဟုတ်) ဗြိစ္ဆာရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

scorpio gemstone, u hton goldsmith , myanmar

အောက်တိုဘာလ (၂၃) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ဗြိစ္ဆာရာသီဖွား (Scorpio) များဟု သတ်မှတ်နိုင်သည်။ ဗြိစ္ဆာရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး အင်္ဂါဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၉)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။

ဗြိစ္ဆာရာသီဖွားတွေဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး စိတ်လှုပ်ရှားလွယ်သူတွေ ဖြစ်ကြပါတယ်။ ခေါင်းမာတဲ့ရာသီခွင်တွေဖြစ်ပေမဲ့ သူငယ်ချင်းတွေအတွက်ဆို ဘာမဆိုအနစ်နာခံလေ့ရှိပြီး အလျော့ပေးတတ်တာကြောင့် သူငယ်ချင်းကောင်းတွေအဖြစ် လူချစ်လူခင်ပေါကြတဲ့ရာသီခွင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ နှုတ်လုံပြီး အကြောင်းအရာတွေကို တိုင်ပင်တဲ့အခါမှာ စိတ်ချရတတ်တာကြောင့် သူငယ်ချင်းတွေရဲ့ အတိုင်ပင်ခံတစ်ဦးဆိုလည်း မမှားပါဘူး။

ဗြိစ္ဆာရာသီဖွားအများစုဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတက်ပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို မှားမှားမှန်မှန် ဇွတ်တိုးပြီး ဆင်ကန်းတောတိုး လုပ်တတ်ကြပါတယ်။ စကားပြောဆိုတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ခေါင်းမာတဲ့သူတွေဖြစ်တာကြောင့် အရာရာကို အားမနာစတမ်း ပြတ်ပြတ်သားသားလုပ်ဆောင်တတ်ကြပါတယ်။ သူတို့ဟာ ငွေကြေးသုံးစွဲရာမှာလည်း စေ့စပ်စွာသုံးစွဲတတ်ပြီး အသုံးနဲ့အဖြုန်းကို ခွဲခြားသိသူတွေ ဖြစ်ကြပါတယ်။ အလုပ်ကို ကြိုးစားလုပ်တတ်ပြီး အရာရာမှာ ထောင့်စေ့တာကြောင့် လုပ်ငန်းခွင်နယ်ပယ်မှာ နေရာကောင်းရတတ်ကြပါတယ်။ သူတို့ဟာ ထောက်လှမ်းရေး၊ ကျောက်မျက်ရတနာ၊ တွင်းထွက်ပစ္စည်းမျိုးစုံ၊ လျှပ်စစ်ပစ္စည်း၊ ပန်းထိမ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အကျိုးပေးကြပါတယ်။ သူတို့ဟာ ဘာအလုပ်ကိုလုပ်လုပ်  ဘာသာတရားကို ဦးထိပ်ပန်ပြီး သမာအာဇိဝလုပ်ကိုင်မယ်ဆို စီးပွားဖြစ်ထွန်းလွယ်ပါတယ်။

ကျန်းမာရေးမှာတော့ ဗြိစ္ဆာရာသီဖွားတွေဟာ ကူးစက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါနဲ့ အစာအိမ်ရောဂါတို့ကို သတိထားဖို့ လိုပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ အများအားဖြင့် ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး စန်းပွင့်တတ်ကြပါတယ်။ နှလုံးသားရေးရာမှာတော့ ချစ်မိပြီဆို ဘဝကိုပုံပေးဖို့ ဝန်မလေးကြတဲ့ရာသီခွင်တွေ ဖြစ်ကြပါတယ်။ ချစ်သူအပေါ်အလိုလိုက်ပြီး အပြန်အလှန်နားလည်မှုနဲ့ ဘဝကို လျှောက်လှမ်းချင်ကြပါတယ်။ ဒါပေမဲ့ အချစ်ကြီးတာကြောင့် ကိုယ့်ချစ်သလိုမချစ်ဘူးလို့ ခံစားမိရင်တော့ နောက်ဆုတ်ဖို့ ဝန်မလေးတက်ပဲ စိတ်အပြောင်းအလဲမြန်သူတွေဖြစ်ကြပါတယ်။ အချစ်ဦးနဲ့လွဲတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ဗြိစ္ဆာရာသီဖွားတွေနဲ့ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ပြိဿရာသီဖွားတွေနဲ့ ကရကဋ်ရာသီဖွားတွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၈၊ ၁၁၊ ၁၈၊ ၂၂ ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ ကြက်သွေးရောင်၊ အနီရောင်နဲ့ သံချေးရောင်တို့ပဲဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ မြပြကျောက်လို့ခေါ်တဲ့ (Aquamarine) ကျောက်လေးပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ဗြိစ္ဆာရာသီဖွား  Scorpio လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ သူရဲ့ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။