ရာသီဖွားအဆောင်ကျောက်

Sagittarius (သို့မဟုတ်) ဓနုရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

saggittarius gemstone, u hton goldsmith , myanmar

နိုဝင်ဘာလ (၂၂) ရက်နေ့ မှ ဒီဇင်ဘာလ (၂၁) ရက်နေ့အတွင်းမွေးဖွားသူတို့ကို ဓနုရာသီဖွား (Sagittarius) များ ဟုသတ်မှတ်နိုင်သည်။ ဓနုရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး ကြာသပတေးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၅)ဂဏန်း စွမ်းအားသက်ရောက်မှု ရှိသည်။

ဓနုရာသီဖွားတွေဟာ စိတ်ဓာတ်ပြင်းထန်ပြီး လျှင်မြန်သွက်လက်၍ ထက်မြက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ နက်နက်နဲနဲတွေးဆကြံစည်တတ်ပြီး ဘယ်အလုပ်ကိုမဆို ရဲဝံ့စွာ လုပ်ကိုင်တတ်ကြပါတယ်။ သူတို့ဟာ ဟန်ဆောင်မှုကင်းပြီး တည်ကြည်တဲ့သူတွေဖြစ်သလို စကားပြောဆိုရာမှာလည်း စိတ်ပါလက်ပါနဲ့ အခြားသူတွေနားလည်အောင် ပြောတတ်သူတွေ ဖြစ်ကြပါတယ်။

ဓနုရာသီဖွားအများစုဟာ သဘောထားကြီးပြီး စိတ်ကူးယဉ်ဆန်တတ်ပြီး ဖြတ်ထိုးဉာဏ်၊ ဟာသဉာဏ်ရွှင်သူတွေ ဖြစ်ကြပါတယ်။  ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေကို အစအနောက်တတ်ဆုံးသူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်ပြီး သမာရိုးကျ ရိုးရိုးအေးအေးပဲ ဘဝကို ဖြတ်သန်းတတ်ကြပါတယ်။ စိတ်ဓာတ်ခိုင်မာပေမဲ့ စိုးရိမ်စိတ်ကြီးတတ်သူတွေ ဖြစ်ကြပါတယ်။

ဓနုရာသီဖွားတွေဟာ ခရီးထွက်ရတာ အလွန်ဝါသနာပါတဲ့သူတွေ ဖြစ်ကြပါတယ်။ ဘာကိုပဲလုပ်လုပ် တခြားသူအပေါ်အလွန့်ငဲ့ညှာသနားတတ်ပြီး ကူညီတတ်ကြပါတယ်။ စိတ်မြန်တယ်၊ ဒေါသထွက်လွယ်တယ်ဆိုပေမဲ့ အရာရာကိုနှစ်ဖက်မျှတွေးပြီး အကောင်းမြင်တတ်တဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။

ဓနုရာသီဖွားတွေဟာ မထင်မှတ်ဘဲ ဘဝမှာ အပြောင်းအလဲများစွာ ကြုံရတတ်ပါတယ်။ တစ်စွတ်ထိုးလုပ်တတ်တဲ့ အကျင့်လေးကိုတော့ ဆင်ခြင်သင့်ပါတယ်။ သူတို့ဟာ ငွေပြင်းထန်စွာရှာတတ်ပြီး ရှာထားတဲ့ငွေကို အများသူတွေကို ကူညီရန် လှူဒါန်းရန်အတွက် အသုံးချတတ်သူတွေ ဖြစ်ကြပါတယ်။ ဓနုရာသီဖွားတွေဟာ အလွန်အဓိပ္ပါယ်ရှိတဲ့ ဘဝပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ မာနကြီးပေမဲ့ အခြားသူတွေအပေါ် သနားကြင်နာစွာ ကူညီတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပွဲစားလုပ်ငန်း၊ သတ္တုပစ္စည်းများတူးဖော်ရောင်းဝယ်ခြင်း၊ စက်ပစ္စည်း ယာဉ် ရထား ကားတည်ထောင်ခြင်း၊ ရှေ့နေအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ စက်ပြင်အလုပ်၊ အင်ဂျင်နီယာနှင့် ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။

ဓနုရာသီဖွားတွေဟာ အလွန်နူးညံသောနှလုံးသားကို ပိုင်ဆိုင်ကြပြီး အချစ်ရေးမှာ သနားလွယ်၊ ယုံလွယ်၊ စိတ်ညွှတ်လွယ်သူများ ဖြစ်ကြပါတယ်။ ချစ်သူရည်းစားများတတ်ပေမဲ့သော်လည်း အိမ်ထောင်ဖက်ကောင်းနှင့် လက်ထပ်ရတတ်ပါတယ်။ အိမ်ထောင်ဖက်အပေါ် ဩဇာလွှမ်းမိုးတတ်ကြပါတယ်။ အချစ်ရေးအိမ်ထောင်ရေးကို ဆုံးဖြတ်တဲ့အခါ ခေါင်းအေးအေးထားစဥ်းစားပြီး လူကြီးမိဘတွေရဲ့ အကြံဉာဏ်ယူပြီး ဆုံးဖြတ်သင့်ပါတယ်။ အရာရာကိုပွင့်လင်းစွာပြောဆိုဆက်ဆံတတ်ခြင်းက တပါးသူအပေါ်အခွင့်အရေးပေးသလို ဖြစ်တတ်ကြပါတယ်။ သူတို့ဟာ အခုတွေ့ အခုကြိုက် အခုယူသဘောမျိုးဖြင့် ဘေးလူဘယ်လိုတားတား ဂရုမစိုက်ဘဲ ဇွတ်လုပ်တတ်ကြပါတယ်။ အချစ်ကိုယုံပြီး ပုံအပ်တတ်သူဖြစ်ပြီး အချိန်လွန်မှ နောင်တရတတ်ကြပါတယ်။ မိသားစုအပေါ်သံဃောဇဉ်ကြီးတတ်ကြပေမယ့် အိမ်ထောင်ရေးမှာ ဒုတိယပေါ်လာတတ်တာမျိုးကိုတော့ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဓနုရာသီဖွားတွေနဲ့ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ မေထုန်ရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၃၊ ၇၊ ၉၊ ၁၂၊ ၂၁ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အဖြူရောင်နဲ့ အပြာရောင်တို့ပဲဖြစ်ပါတယ်။ တစ်သက်အတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ စိမ်းပြာရောင်ကျောက်လို့ခေါ်တဲ့ (Turquoise) ကျောက်လေးပဲဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ဓနုရာသီဖွား Sagittarius လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲဖြစ်ပါတယ်။