ကျောက်မျက်အကြောင်းသိကောင်းစရာ, ဆောင်းပါး, ပညာရေး

ကျောက်စိမ်းအမျိုးအစားအပေါ် သတ်မှတ်၍အရည်အသွေးကွဲပြားပုံ

Jade Testing

ကျောက်စိမ်းအတန်းအစား ( ၃ )မျိုး ရှိပါတယ်။
( ၁ ) အရည်ကျောက်
( ၂ ) အထည်ကျောက်
( ၃ ) အသားကျောက်ဆို၍ ကျောက်စိမ်းအတန်းစား ( ၃ )မျိုး ခွဲခြားပြီး တန်ဖိုးဖြတ်ကြပါတယ်။

ထိုသို့ အတန်အစား ခွဲခြားရန်အတွက် အရောင်အဆင်း၊ အလင်းပေါက်ကြည်လင်မှု၊ အသားဖွဲ့စည်းကောင်းမှု၊ အပြစ်အနာအဆာ ကင်းစင်မှုနဲ့ ကျောက်သွေးလက်ရာ ကောင်းမွန်မှုတို့ကို အခြေခံကြပါတယ်။ ကျောက်စိမ်းတွင် အရောင်တို့၏ သဘာဝအခြေခံအစိမ်းရောင်တွင် အဝါနှောသည့် အစိမ်း၊ အပြာနှောသည့် အစိမ်း၊ အစိမ်းနု၊ အစိမ်းရင့် စသည့် အစိမ်းရောင်အမျိုးမျိုးရှိ၏။ အလင်းပေါက်အတိုင်းအတာတွင်အလင်းပိတ်သော တွင်းထွက်များ၊ အလင်းမှုန်သောတွင်းထွက်များ၊ အလင်းပေါက်သောတွင်းထွက်များ ဆိုပြီး ( ၃ )မျိုး ရှိတယ်။ သို့သော် ကျောက်စိမ်းသည် အများအားဖြင့် အလင်းမှုန်ကျောက်မျိုးဖြစ်ရာ လုံးချောတာပလာသွေးနည်းကို အသုံးပြုသွေးကြသည်။ ကျောက်မျက်သွေးသောအခါ အခြေခံအားဖြင့်
( ၁ ) လဆန်း ၁ဝ ရက်လ ပုံ
( ၂ ) လဆန်း ၈ ရက်လ ပုံ
(၃) လဆန်း ၅ ရက်လ ပုံ ဟူ၍ ကျောက်မျက်၏ အပေါ်ပိုင်း အဝိုင်း၊ ဘဲဥလ ပုံ စသည်ဖြင့် ( ၃ )မျိုး ရှိသည်။

( ၁ ) အရည်ကျောက်
ကျောက်စိမ်းတွင် အရည်ကျောက်အမျိုးအစားမှာ အကောင်းဆုံးနှင့် တန်ဖိုးအကြီးဆုံးဖြစ်တယ်။ အရည်ကျောက်က မြလိုမျိုး ဖွဲသားရှိပြီးတော့ အလင်းပေါက်ခြင်း တို့ကြောင့် မြရည်ကျောက်လို့ တင်စားခေါ်ဝေါ်ကြတယ်။ကျောက်စိမ်းရဲ့ အရည်ကျောက် မှာ ဒေါင်းမြီးစိမ်းရောင်နဲ့ ပိုးမည်းတောင်ပံရောင်တို့က တန်ဖိုးအကြီးဆုံး ဖြစ်တယ်။ ကျောက်စိမ်းဖြစ်ပေါ်ပုံ သဘာဝအခြေအနေကြောင့် ကျောက်စိမ်းအရည်ဝင်ပုံနဲ့ တူညီမှုတို့ ရှားပါးပါတယ်။ အဲ့လို ရှားတဲ့တိုက်ဆိုင်မှုတွေ အများအပြားရှိခဲ့တဲ့အတွက် အရည်ကျောက်အမျိုးအစားက တန်ဖိုးကြီးနေတာ ဖြစ်ပါတယ်။

ကျောက်စိမ်းဆိုတာက အလင်းမှုန်တဲ့ တွင်းထွက်အမျိုးအစားမှာ ပါဝင်တဲ့အတွက် တကယ်လို့ ကျောက်စိမ်းအတွင်းကို ဖြတ်ပြီး အလင်းဖောက် ဝင်သွားတောင် မှန်လိုမျိုး ထုတ်ချင်းပေါက် မြင်နိုင်သော အလင်းပေါက်ခြင်းမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ပထမတန်းစား မြရည်ကျောက်စိမ်း ကတော့ မြကဲ့သို့ အလင်းပေါက်လုနီးပါး အဆင့်ထိ ရှိပါတယ်။ ကျောက်စိမ်းက ပုံဆောင်စနစ် ( ၇ )မျိုး တွင် တစ်မျိုးအပါအဝင် ဖြစ်သော တစ်ဝင်ရိုးစောင်းစနစ်တွင် ပုံဆောင်ပါသည်။

ကျောက်စိမ်းဆိုသည်မှာ ကျောက်စိမ်း ပုံဆောင်ခဲငယ်လေးများ ယှက်ထိုး စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဖွဲ့စည်းထားသော ပုံဆောင်ခဲငယ်လေးများရဲ့ အရွယ်အစား အသေးအကြီးကို လိုက်၍ ကျောက်စိမ်းအသားနုခြင်း၊ ကြမ်းခြင်း တို့ ဖြစ်ပေါ်လာပါသည်။ ပုံဆောင်ခဲငယ်လေးများ ထူးခြားသော အနေအထားဖြင့် သိပ်သည်းကျစ်လျစ်စွာ ဖွဲ့စည်းထားသောကြောင့် ကျောက်စိမ်းသည် သလင်းထက် ပိုမာကြောင်း တွေ့ရသည်။ မည်သည့် ကျောက်မျက်တွင်မဆို ကျောက်မျက်ရဲ့တန််ဖိုးကို အကဲဖြတ်ရာတွင်မဆို အရွယ်အစားသည်အရေးကြီးသောအချက်ဖြစ်သည်။ကြီးမားသော အရွယ်အစားရှိသည့် ကျောက်များသည် အလွန်ရှားပါးကြသည်။ ပတ္တမြား၊ နီလာ၊ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ စသည့် တွင်းထွက်များသည် ရှားပါးလှသည်။ ကျောက်စိမ်းတွင် အပြစ်ကင်းစင်သော ကျောက်ဟူ၍ ရှားပါသည်။ သဘာဝအားဖြင့် အသွင်ပြောင်းကျောက်များရဲ့ ပတ်ဝန်းကျင်တွင် ဖြစ်တည်သောကြောင့် ဖိအားမြင့် တွင်းထွက်တစ်မျိုးဖြစ်သည်။ထို့ကြောင့် ကျောက်မျက်ရတနာကုန်သည်များက 10x အား အဏုကြည့်ကိရိယာဖြင့် ကြည့်၍ အပြစ်မရှိမှ အပြစ်ကင်းစင်ကြောင်း သတ်မှတ်ကြသည်။

( ၂ ) အထည်ကျောက်
ကျောက်စိမ်းအုပ်စုအတွင်းမှ အရည်နည်းအရည်ကျဲသွားပြီး အရောင်မညီညွတ် ဖျော့တော့တော့ သာရှိသော ကျောက်စိမ်းကို အထည်ကျောက်ဟု သတ်မှတ်သည်။ အထည်ကျောက်တွင် ပိုးမည်တောင်ပံစိမ်းရောင်မျိုး မရှိပေ။အလင်းပေါက်ရာတွင်လည်း ရာခိုင်နှုန်းနည်းနည်းသာ ပေါက်နိုင်တော့သည်။ အလင်းပိတ်ဘက်သို့ ပိုများသွားသည်။ စင်စစ်အစိမ်းရောင် ရှိမှသာလျှင် အထည်ကျောက်အမျိုးအစားတွင် ထည့်ကြသည်။ အစိမ်းရောင် မဟုတ်သောအခြားအရောင်များကို အထည်ကျောက်အမျိုးအစားတွင် မထည့်သွင်းပါ။ သို့သော် လက်ရှိမှာ အထည်ကျောက်တွင် အခြားအရောင်ကျောက်များ ပါဝင်နေသဖြင့် ရောင်စုံအထည်ကျောက်ဟု ခေါ်ကြသည်။ ရောင်စုံကျောက်ကို အင်္ကျီကြယ်သီး၊ လက်ကောက်စေ့၊ နားပန်စေ့၊ လက်ကြယ်သီး၊ စသည်တို့တွင် ပြုလုပ်ကြသည်။

( ၃ ) အသားကျောက်
အရည်ကျောက်စိမ်းသည် ဂျေဒိုက်အမျိုးအစား တွင်းထွက်ဖြစ်သည်။ အသားကျောက်စိမ်းမှာ ဂျေဒိုက်နှင့် အယ်လဗိုလ် ပေါင်းစပ်ဖွဲ့စည်းထားသော ကျောက်အမျိုးအစား ဖြစ်သည်။ အရည်ပေါက်အလင်းပေါက်ကျောက်စိမ်းတို့သည်တန်ဖိုးရှိ ကျောက်မျက်ရတနာများဖြစ်ကြသည်ကို တော်တော်များများက သိထားကြသော်လည်း အသားကျောက်၏ တန်ဖိုးကိုမူ လူသိနည်းကြပါသည်။ အဖြူ၊ အဝါ၊ အညို၊ အနက်၊ ခရမ်း၊ အစိမ်းနုနှင့် အစိမ်းရင့်အစရှိသည့် အရောင်အမျိုးမျိုးအသားကျောက်များ တွေ့ရတတ်သည်။ အသားကျောက်ကို စားပွဲတင်ရုပ်တု နှင့် အခြားရုပ်တုအမျိုးမျိုး၊ အထည်ပစ္စည်းအမျိုးမျိုး၊ ဆေးတံအိုး၊ ပလွေ၊ အမွှေးအကြိုင်ထည့်ပုလင်း၊ တံဆိပ်တုံး၊ စက္ကူဖိ၊ ဝက်မှင်ဘီး၊ လက်ကိုင်၊ ရင်ထိုး၊ လက်စွပ်၊ လက်ကောက်၊ ဆံထိုး၊ လက်ဖက်ရည်ကြမ်းကရား၊ ပန်းကန်စုံ၊ အချိုပန်းကန်စုံ၊ ဘုရားဆင်းတုတော်၊ ဆင်ရုပ်၊ ကျားရုပ် စသည်ဖြင့် အမျိုးမျိုး သုံးကြလေ့ ရှိပါသည်။