ပညာရေး, ရွှေအကြောင်းသိကောင်းစရာ

ရွှေနှင့်ရောစပ်သောသတ္တုများနှင့် ဗဟုသုတရဖွယ်များ

best metal to mix with gold, history of goldsmith, u hton goldsmith, myanmar

ဒီတစ်ခါ ရွှေနဲ့ပတ်သတ်ပြီး မျှဝေပေးခြင်းတဲ့ အကြောင်းလေးကတော့ မိမိတို့ဝတ်ဆင်အသုံးပြုနေတဲ့ ရွှေလေးတွေကို အဆင်တန်ဆာအဖြစ် ပြုလုပ်ကြတဲ့အခါ ဘယ်လိုသတ္တုအမျိုးအစားတွေကို‌ ရွှေနဲ့ ရောစပ်ပြီးပြုလုပ်သလဲဆိုတာနဲ့ ရောစပ်လိုက်တဲ့ သတ္တုအမျိုးအစားပေါ် မူတည်ပြီး အဝါရောင်ရွှေအပြင် ဘယ်လိုထူးခြားတဲ့အရောင်တွေအနေနဲ့ တွေ့နိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်နော်။

ရွှေဟာ အလွန်အဖိုးတန်သော တွင်းထွက်သယံဇာတ သတ္တုတစ်ခုဖြစ်သည်သာမကပဲ ၎င်းသည် တန်ဖိုးရှိသောကျောက်မျက်ရတနာများအတွက် အဆင်တန်ဆာပြုလုပ်၍ ဖန်တီးမှုများတွင်လည်း အသုံးပြုမှုအများဆုံးနှင့် လူကြိုက်အများဆုံး သတ္တုတစ်မျိုးဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက်တွင်လည်း ရွှေသည် ၎င်း၏ သဘာဝအလှအပနှင့် အရောင်တောက်ပမှုတို့အတွက် အစဉ်အဆက် တန်ဖိုးထားမက်မောခြင်းခံခဲ့ကြရသည့် သဘာဝတရားကြီး၏လက်ဆောင်မွန်တစ်ခု လို့လည်း ဆိုနိုင်သည်။ သို့သော် ရွှေစင်များသည် အလွန်ပျော့ပျောင်းသောကြောင့် ကျောက်မျက်ရတနာများနှင့် တန်ဆာဆင်၍ ဝတ်ဆင်မည်ဆိုပါက ကျောက်များ၏မာကျောမှုဒဏ်နှင့် ဝတ်ဆင်သူ၏ပွတ်တိုက်မှုဒဏ်ကိုမခံနိုင်ဘဲ အလွယ်တကူ ကျိုးပဲ့ ပျက်ဆီးနိုင်သည်။

ရွှေကိုများသောအားဖြင့် ကြေးနီသတ္တုနှင့်ရောစပ်မှုမှာ အများဆုံးဖြစ်ပြီး ဇင့်၊ တိုက်တေနီယမ်၊ ငွေ၊ နီကယ်၊ သွပ် စသောသတ္တုများနှင့်လည်း ရောစပ်၍ လက်ဝတ်ရတနာ အဆင်တန်ဆာများ ပြုလုပ်လေ့ရှိသည်။ နိုင်ငံတကာစံနှုန်းများအရ Karat ဖြင့် ရွှေလက်ဝတ်တန်ဆာများ၏ သန့်စင်မှု ရာခိုင်နှုန်းကို ဖော်ပြကြပြီး  မြန်မာနိုင်ငံတွင်မူ ပဲရည်ဖြင့် ဖော်ပြလေ့ရှိသည်။ သန့်စင်ပြီးရွှေ ၉၉.၅ ရာခိုင်နှုန်းပါဝင်သော ၁၆ ပဲရည် (၂၄ ကာရက်) နှင့် သန့်စင်ပြီးရွှေ ၉၆ ရာခိုင်နှုန်းပါဝင်သော ဒုတိယအရည်အသွေးအကောင်းဆုံး ၁၅ ပဲရည် (၂၃ ကာရက်) တို့သည် ရွှေပါဝင်မှုပမာဏ များပြားသည့်အတွက် အလွန်ပျော့ပျောင်းသည်။ ထို့ကြောင့် ၎င်းအား အခြားသောကျောက်မျက်ရတနာများနှင့်အတူ ရွှေထည်ပစ္စည်းအနေဖြင့် ထည့်သွင်းပြုလုပ်၍မရနိုင်ဘဲ ၁၄ ပဲ ၂ ပြား (၂၂ ကာရက်) တွင်မူ သန့်စင်ပြီးရွှေ ၉၀ ရာခိုင်နှုန်းဝန်းကျင်သာပါဝင်သဖြင့် ၎င်းရွှေအမျိုးအစားကို ကျောက်မျက်ရတနာများ ထည့်သွင်းပြုလုပ်ရာတွင်အသုံးပြုနိုင်သည်။ သို့သော် မာကျောသိပ်သည်းမှု ပမာဏအများဆုံးဖြစ်သည့် စိန်ကိုမူ ၁၂ ပဲရည် (၁၈ ကာရက်) ရွှေပါဝင်မှုပမာဏ ၇၅ ရာခိုင်နှုန်းရှိသည့် အမျိုးအစားတွင်သာ လက်ဝတ်တန်ဆာအဖြစ် အသုံးပြုလို့ရမည် ဖြစ်သည်။

အဝါရောင်ရွှေ လက်ဝတ်ရတနာများသည် လူကြိုက်အများဆုံး အရောင်ဖြစ်နေဆဲ ဖြစ်သော်လည်း ယနေ့ခေတ်တွင် ရွှေကိုမတူကွဲပြားသော အရောင်များစွာဖြင့် ရနိုင်သည်။ ရွှေကိုမာကြောမှုရှိစေရန် ရောစပ်ရာတွင် အသုံးပြုသော သတ္တုပမာဏအနည်းအများနှင့် မတူညီသော သတ္တုများရောစပ်မှုက ရွှေကိုပုံမှန် အဝါရောင်မှ အခြားသော ထူးခြား၍ ရှားပါးသော အရောင်များအထိ ဖန်တီးနိုင်ကြသည်။‌ ဥပမာအားဖြင့် အဝါရောင်ရွှေနည်းတူ ယခုအခါအသုံးပြုမှုများသော White Gold ရွှေဖြူ၊ Platinum ပလက်တီနမ်၊ Rose Gold  တို့အပြင် Red Gold (ရှရှားရွှေဟုလူသိများသည်) ၊ Blue Gold ၊ Green Gold နှင့် Black Gold စသည့် ထူးခြားသောအရောင်များလည်း တွေ့ရတတ်သည်။ သို့သော် ထူးခြားဆန်းပြားသော အရောင်အသွေးများ စုံလင်စွာဖန်တီး၍ ရွှေကို ဝတ်ဆင်မှု ခေတ်စားလာသော်လည်း အဝါရောင်ရွှေသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဘဝ၏အရေးကြီးဆုံး အခမ်းအနားများနှင့် အထိမ်းအမှတ်များအတွက် အလွန်သင့်တော်သော လက်ဆောင်မွန်တစ်ခုအဖြစ် တန်ဖိုးထားသတ်မှတ်ထားမှုက ယခုတိုင်မ‌လျော့သော အဖိုးထိုက်တန်မှုဖြင့် တည်ရှိနေဆဲဖြစ်သည်။ အရောင်၏တောက်ပမှုနှင့် တည်မြဲမှုမှာလဲ မူလ အဝါရောင်ရွှေသည် ပို၍အရောင်ထွက်အားကောင်း၍ တောက်ပမှုအားဖြင့်အချိန်ပို၍ကြာအောင် တည်မြဲမှုရှိသည်။

အခုစာဖတ်ပရိတ်သတ်ကြီးအနေနဲ့ရော ပုံမှန်ဝတ်ဆင်နေကျ အဝါရောင်ရွှေအပြင် အခြားသော အရောင်တွေထဲကရွေးချယ်ပြီးဝတ်ဆင်ကြမယ်ဆို ဘယ်လိုအရောင်လေးတွေက ကိုယ့်အတွက် ပိုဆွဲဆောင်မှုရှိမလဲဆိုတာ စဉ်းစားကြည့်ကြရအောင်နော်။