ပြည်တွင်းသတင်း

မန္တလေး Semi Lockdown အခြေအနေကြောင့် ရွှေဈေးကွက်အပေါ်သက်ရောက်မှု

mandalay semi lockdown impact on gold price myanmar, u hton goldsmith , myanmar

 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လက်ရှိတွင် Covid 19 ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် 6 ရက် 12 လ 2020 ရက်နေ့အထိစစ်ဆေးချက်များအရ မြန်မာနိုင်ငံ‌တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာပေါင်း လူဦးရေ 1,288,365 ဦးရှိလာပြီဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ကန့်သတ်ချက်များကို ဒီဇင်ဘာလ 15 ရက်နေ့အထိ ထပ်မံသက်တမ်းတိုးခဲ့ရသလို မန္တလေးမြို့တွင် နိုဝင်ဘာလအတွင်း ကူးစက်မှုများစံချိန်တင်ခဲ့တာကြောင့် 5 ရက် 12 လ 2020 မှ 18 ရက် 12 လ 2020 ထိ Semi Lockdown အနေဖြင့် မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် 7 မြို့နယ်ကိုသတ်မှတ်ခဲ့သည်။  ဘဏ်၊ အစားအသောက်၊ ဆေးဆိုင်၊ ဆေးခန်း၊ ဈေးဆိုင်များနှင့် စက်သုံးဆီရောင်းဝယ်ရေးစသည့် အရေးကြီးသည့် လုပ်ငန်းများမှအပ ကျန်သည့် လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားသဖြင့် စီးပွားရေးဈေးကွက်တွင် ယာယီ ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခြင်းနှင့်အတူ ရွှေဈေးကွက်မှာလည်း မန္တလေးမြို့တွင် Semi Lockdown ကြေညာပြီးနောက် အနည်းငယ်လှုပ်ခတ်မှုများကိုရင်ဆိုင်ခဲ့ကြရသည်။

ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးတဲ့နောက်မှာ လူအများစုယူဆခဲ့သလို စီးပွားရေးလုပ်ငန်းများပြန်လည် ဦးမော့လာမည်ဟုထင်ကြေးများများခဲ့သော်လည်း ပိုးတွေ့လူနာတွေ့ရှိရမှုများကို မထိန်းချုပ်နိုင်သေးသဖြင့် Covid 19 ရောဂါထိန်းချုပ်မှုများဆက်လက်လုပ်ဆောင်နေရပြီး လုပ်ငန်းအများစုမှာလည်း ပြန်လည်စတင်နိုင်ခြင်းမရှိသေးတာကြောင့် မြန်မာစီးပွားရေးအရ အကျပ်အတည်းများနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ကြရပါတယ်။

အမေရိကန်နိုင်ငံ၏ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲများ ပြီးတဲ့နောက်မှာတော့ နိုင်ငံရေးအခြေအနေပြောင်းလဲမှုများနှင့် အတူ မြန်မာရွှေဈေးကွက်ပြန်လည်တည်ငြိမ်လာပြီး အကောင်းဘက်ကို ဦးတည်လာခဲ့ပေမဲ့ ဒီဇင်ဘာလဆန်းပိုင်း မန္တလေးမြို့ Semi Lockdown ချမှတ်ကြောင်း သတင်းများထွက်ပေါ်ချိန်မှာတော့ ဈေးနှုန်းကျဆင်းမှုများရင်ဆိုင်ခဲ့ကြရပါတယ်။

လူအများရဲ့ စိုးရိမ်မှုများကြောင့် ဈေးကွက်မတည်ငြိမ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလအတွင်း‌ပေါက်ဈေး 13 သိန်းကျော်မှ 12 သိန်း 8 သောင်းဝန်းကျင်အထိ ယာယီကျဆင်းခဲ့သည်။ သိုသော် Semi Lockdown အဖြစ်သတ်မှတ်ပြီးချိန်မှာတော့ ရွှေဈေးနှုန်းပြန်လည်တည်ငြိမ်ခဲ့ပြီး ဒီဇင်ဘာလ 7 ရက်နေ့မှာတော့ 13 သိန်းဝန်းကျင်ဈေးပေါက်ပြီး မြန်မာ့ရွှေဈေးကွက်အတွက်အခြေအနေ ပြန်လည်တည်ငြိမ်စပြုနေပြီဖြစ်သည်။ လက်ရှိပေါက်ဈေးဟာ ယခင်ရွှေဈေးနှုန်းကို မမှီသေးသော်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအတွက်တော့ မမှားသော ရွေးချယ်မှုလုပ်ငန်းတစ်ခုအနေဖြင့်ရှိနေဆဲဖြစ်သည်။ အဓိကရွှေဈေးအခြေအနေသည် အရောင်းအဝယ်အေးခြင်းအပေါ်များစွာ သက်ရောက်မှုရှိနေပြီး Covid 19 ကြောင့် ယခင်ပေါက်ဈေးကို မမှီနိုင်သေးဘဲ ကျန်းမာရေးအခြေအနေများကြောင့် အနည်းငယ်မတည်ငြိမ်မှုများရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကာကွယ်ဆေးများအပြိုင်အဆိုင်ထွက်ပေါ်လာကြောင်း သတင်း‌များကြောင့် ကောင်းမွန်သော တည်ငြိမ်မှုရှိတဲ့ဈေးကွက်တစ်ခုကို မကြာခင်မြင်တွေ့ရတော့မယ်လို့ မျှော်လင့်မိပါတယ်။ အခုပြောပြပေးခဲ့တာကတော့ မန္တလေး Semi Lockdown အခြေအနေကြောင့် ရွှေဈေးကွက်အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိခဲ့သလဲဆိုတာနဲ့ပတ်သတ်ပြီး ဗဟုသုတရရှိစေရန်ရည်ရွယ် တင်ပြခဲ့တာပဲဖြစ်ပါတယ်။