ရာသီဖွားအဆောင်ကျောက်

Leo (သို့မဟုတ်) သိဟ်ရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

leo gemstone, u hton goldsmith , myanmar

ဇွန်လိုင်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အတွင်းမွေးဖွားသူတို့ကို သိဟ်ရာသီဖွား (Leo) များဟု သတ်မှတ်နိုင်သည်။ သိဟ်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး တနင်္ဂနွေဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၁) ဂဏန်းစွမ်းအား သက်ရောက်မှုရှိသည်။

သိဟ်ရာသီဖွားတွေဟာ ဩဇာအာဏာရှိသူများဖြစ်ပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူတွေ ဖြစ်ကြပါတယ်။ ဉာဏ်ရည်ထက်မြတ်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေတတ်သူတွေ ဖြစ်ကြပါတယ်။ လူကြီးလူကောင်းဆန်ပြီး အနေအထိုင်အေးဆေးကြပါတယ်။ နွေးထွေးကြင်နာတတ်ပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ သနားကြင်နာစိတ်ရှိပြီး ပေးကမ်းစွန့်ကြဲလိုစိတ်ရှိကြသူတွေလည်း ဖြစ်ကြပါတယ်။

သိဟ်ရာသီဖွားတွေဟာ ခေါင်းဆောင်ကောင်းအရည်အချင်းနဲ့ပြည့်ဝပြီး အများရဲ့ လေးစားအားကျခြင်းကို ခံရသူတွေလည်း ဖြစ်ကြပါတယ်။ မှန်ကန်တဲ့လမ်းကိုလျှောက်ပြီး စံပြပုဂ္ဂိုလ်ကောင်းတစ်ယောက်အဖြစ် ဦးဆောင်လမ်းပြပေးနိုင်သူတွေဖြစ်အောင် အမြဲကြိုးစားနေတဲ့ ရာသီခွင်လည်း ဖြစ်ပါတယ်။ ပင်ကိုယ်ပါရမီထူးသူတွေဖြစ်တာကြောင့်လည်း အလုပ်လုပ်ကိုင်တဲ့နေရာမှာ အံ့ဩဖွယ်ကောင်းလောက်အောင် တိကျသေချာစွာလုပ်နိုင်စွမ်းရှိကြသူတွေဖြစ်ပါတယ်။

သိဟ်ရာသီဖွားတွေဟာ အပေါ်ယံထင်မြင်သုံးသပ်ချက်တွေကို မနှစ်သက်ပါဘူး။ တိကျခိုင်လုံတဲ့အယူအဆတွေကိုသာ လက်ခံကြတဲ့သူတွေဖြစ်ပြီး အသေးအဖွဲ့ကိစ္စရပ်တွေကိုဆို လှည့်မကြည့်တတ်ကြပါဘူး။

သိဟ်ရာသီဖွားတွေဟာ ဒေါသ၊ မာန်မာနကြီးပြီး ခေါင်းမာတတ်ကြပါတယ်။ မျက်နှာအမူအရာ ဟန်မဆောင်တတ်ဘဲ စိတ်အလိုမကျရင် မျက်နှာတွင် သိသိသာသာပေါ်လာတတ်ပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ရှင်းရှင်းထားတတ်ပေမယ့် စိတ်ရှုပ်လွယ်တတ်ပါတယ်။ အရာရာကို မျိုသိပ်တတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကိုတောင် ဖွင့်မပြောတတ်ကြပါဘူး။ ပင်ပန်းသောကတွေကို အခြားသူတွေကိုမပေးတတ်ဘဲ ကိုယ်တိုင် နေ့ရက်တိုင်းကို အပူပင်ကင်းကင်းနဲ့ပဲ ဖြတ်သန်းချင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ လက်ရှိသူတို့ဘဝရဲ့ဖြစ်တည်မှုကိုသာ အကြိုက်အနှစ်သက်ဆုံးဖြစ်ပြီး အကောင်းဆုံးလို့ခံယူတတ်သူတွေလည်း ဖြစ်ကြပါတယ်။

သိဟ်ရာသီဖွားတွေဟာ အရာရာကို သတိနဲ့ယှဉ်ပြီး ပြုမူလုပ်ဆောင်တတ်ကြပြီး ပတ်ဝန်းကျင်ကို အမြဲမပြတ် လေ့လာတတ်သူတွေလည်း ဖြစ်ကြပါတယ်။ အများအကျိုးကို သယ်ပိုးရွက်ဆောင်ရတာတွေမှာလည်း ဝါသနာပါတဲ့ ရာသီခွင်ဖြစ်ပါတယ်။

သိဟ်ရာသီဖွားတွေဟာ အချစ်ရေးမှာတော့ သူတို့ဆိုးသမျှ အနွံတာခံပြီး သည်းခံတဲ့သူမျိုးကိုသာ ချစ်သူအဖြစ်ရွေးတတ်ကြပါတယ်။ အချစ်ကြီးသလို အမျက်လည်းကြီးတတ်ပြီး ကိစ္စအသေးအဖွဲ့လေးကအစ ချစ်သူအပေါ် အရမ်းဂရုစိုက်တတ်လွန်းတာကြောင့် နားလည်မှုလွဲတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ လက်ရှိချစ်သူကိုသာ တစ်ဘဝလုံးလက်တွဲသွားချင်ကြတဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။ အကျိုးပေးပြီး လိုက်ဖက်တဲ့ ရာသီခွင်တွေကတော့ ကုမ်ရာသီနဲ့ မေထုန်ရာသီခွင်တွေပဲ ဖြစ်ကြပါတယ်။

သိဟ်ရာသီဖွားတွေဟာ ကျောင်းဆရာ၊ စာရေးဆရာ၊ စစ်ဘက်၊ ငါးမွေးမြူရေးနဲ့ ဆရာဝန်စတဲ့ အလုပ်အကိုင်တွေအကျိုးပေးပြီး ရွှေရောင်၊ အဝါရောင်နဲ့၊ လိမ္မော်ရောင်တွေက သိဟ်ရာသီဖွားတွေအတွက် အထူးအကျိုးပေးတဲ့အရောင်တွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းကတော့ ၁၊ ၉၊ ၁၀၊ ၁၃ စတဲ့ ဂဏန်းတွေဖြစ်ပြီး တစ်သက်တာအတွက် ကံကောင်းစေတဲ့အဆောင်ကျောက်ကတော့ ဖရဲအူကျောက်လို့ခေါ်တဲ့ (Tourmaline)ပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ သိဟ်ရာသီဖွား Leo လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ သူရဲ့ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲဖြစ်ပါတယ်။