ပြည်တွင်းသတင်း, ပြည်ပသတင်း

COVID-19 အကြောင်းသိကောင်းစရာ

COVID-19

ယခုလို မြန်မာပြည်တွင်းကူးစက်မှုနှုန်းထား အနည်းငယ်ပိုလာတဲ့အခါ ရွှေချစ်သူများ ( COVID-19 ) အကြောင်း
တစ်ချို့ ပိုပြီးသိချင်သူများအတွက် World Health Organization ( WHO ) မှ April 8th, 2020 ထုတ်ပြန်သော Data အချက်အလက်များကို ကိုးကားထားပြီး Ministry Of Health And Sports Department ( MOHS )
ဘာသာပြန်ထားမှုမှတစ်ဆင့် စုစည်းတင်ပြပေးထားပါသည်။ Coronavirus သည် ရောဂါအသစ်ဖြစ်တာကြောင့် ယခုဖော်ပြပါ အချက်အလက်များ နောင်တစ်ချိန်အပြောင်းအလဲရှိနိုင်ကြောင်းကို သတိပြုရပါမည်။
( 1 ) ကိုရိုနာဗိုင်းရပ်စ် ( Coronavirus ) ဆိုတာ ဘာလဲ ?
ကိုရိုနာဗိုင်းရပ်စ် ( Coronavirus ) ဆိုတာ တိရစ္ဆာန်တွေမှာသာမက လူတွေမှာပါတွေ့နိုင်တဲ့ကြီးမားတဲ့
ဗိုင်းရပ်စ် အုပ်စုတစ်မျိုးပါ။ လူတွေကို ကူးစက်တဲ့အခါ သာမန်တုပ်ကွေးရောဂါလက္ခဏာကနေ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအထိ ဖြစ်တတ်ပါတယ်။
( 2002 ) ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ SARS ရောဂါ၊ ( 2012 ) ခုနှစ်က အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ MERS ရောဂါတွေလိုမျိုး ပြင်းထန်အဆုတ်ရောင် ရောဂါတွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။
မကြာသေးခင်ကမှ အသစ်တွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ ( COVID-19 ) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်ပွားစေခဲ့ပါတယ်။
( 2 ) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ( COVID-19 ) ဆိုတာဘာလဲ ?
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ( COVID-19 ) ဆိုတာ ( 2019 ) ခုနှစ်၊ ဒီဇင်ဘာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ Coronavirus မျိုးစိတ် အသစ်တစ်ခုကြောင့် ဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါပဲ
ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ကို အရင်တုန်းက လူတွေမှာ မတွေ့ ရှိခဲ့ ကြဖူးပါဘူး။
( 3 ) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ( COVID-19 ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ?
( COVID-19 ) ၏အဖြစ်များဆုံးလက္ခဏာများမှာအဖျားတက်ခြင်း၊ ပင်ပန်းခြင်းနှင့်ချောင်းခြောက်ဆိုးခြင်းတို့ဖြစ်သည်။ အချို့လူနာများသည်ကိုယ်လက်ကိုက်ခဲခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း ၊ သလိပ်ထွက်ခြင်း ၊ လည်ချောင်းနာခြင်း ( သို့မဟုတ် ) ဝမ်းလျှောခြင်းများဖြစ်နိုင်သည်။
အချို့လူများသည်ရောဂါကူးစက်ခံရသော်လည်းမည်သည့်လက္ခဏာမျှမခံစားရပါ။ လူအများစု ( 80% ခန့်) သည်အထူးကုသမှုမလိုအပ်ဘဲရောဂါမှပြန်လည်သက်သာလာသည်။ ( COVID-19 ) ရရှိသောလူ 6 ဦး လျှင် 1 ဦး သည်ပြင်းထန်စွာဖျားနာခြင်း အသက်ရှုကြပ်ခြင်း စသည့်လက္ခဏာတွေ ခံစားရတတ်ပါတယ်။
အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ နာတာရှည်ရောဂါ ( သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ) ရှိတဲ့သူတွေမှာ
ရောဂါ ပိုမိုပြင်းထန်တတ်ပါတယ်။ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူခက်ခဲခြင်းစတဲ့ ရောဂါလက္ခဏာတွေ
ခံစားရပြီဆိုလျှင် ဆေးကုသမှု ချက်ချင်းခံယူသင့်ပါတယ်။
( 4 ) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဘယ်လိုကူးစက်ခံရနိုင်တာလဲ ?
ရောဂါရှိတဲ့သူနဲ့ အနီးကပ်ထိတွေ့ရာကတစ်ဆင့် ရောဂါကူးစက်ခံရနိုင်ပါတယ်။
( COVID-19 ) ရောဂါခံစားနေရတဲ့သူ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာတဲ့ ရောဂါပိုး အစက်အမှုန် တွေ
အသက်ရှူလမ်းကြောင်းကို ဝင်ရောက်ရာမှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်ပါတယ်။ ရောဂါပိုး အစက်အမှုန်တွေက အနီးပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေပေါ်ကို ကျရောက်တတ်ပါတယ်။
ဒီရောဂါပိုးတင်ကျန်နေတဲ့ မျက်နှာပြင်၊ အရာဝတ္ထုတွေ ကို ကိုင်တွယ်ထားတဲ့ လက်နဲ့ မိမိမျက်လုံး၊ နှာခေါင်း၊
ပါးစပ်တို့ကို ကိုင်တွယ်မိရာက တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ လူတစ်ဦးနှင့်တစ်ဦး
1 မီတာ ( သို့မဟုတ် ) 3 ပေ အကွာမှာနေဖို့က အလွန်အရေးကြီးပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ( WHO ) အနေဖြင့် ( COVID-19 ) ကူးစက်ပြန့်ပွားပုံနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များကို ဆက်လက် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။
( 5 ) ( COVID-19 ) ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်ပါသလား ?
ယခု လက်ရှိတွေ့ရှိချက်များအရ ( COVID-19 ) ဖြစ်ပွားစေတဲ့ ရောဂါပိုးအစက်အမှုန်တွေကို ထိတွေ့ရာကတစ်ဆင့် အဓိကကူးစက်တာပဲ ဖြစ်ပါတယ်။ ( ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး ( WHO )အနေဖြင့် ( COVID-19 )
ကူးစက်ပြန့်ပွားပုံနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များကို ဆက်လက် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ် )
( 6 ) ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာ မပြတဲ့သူဆီကရော ရောဂါကူးနိုင်ပါသလား ?
ရောဂါပျံ့နှံ့စေသော အဓိကအချက်မှာ ချောင်းဆိုးနေသူတစ်ဦး မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ
( နှာခေါင်းမှဖြစ်စေ ၊ ပါးစပ်မှဖြစ်စေ ) ရောဂါပိုးအစက်အမှုန်များမှ တဆင့်ကူးစက်ခြင်းဖြစ်သည်။
လုံးဝရောဂါလက္ခဏာမပြသူတစ်ဦးထံမှ ( COVID-19 ) ကူးစက်နိုင်သည့်အန္တရာယ်သည်အလွန်နည်းပါးသည်။ သို့သော် ( COVID-19 ) ရှိသူများစွာသည် Mild Symptoms များကိုသာ ခံစားကြရသည်။
ထို့ကြောင့် ( COVID-19 ) ကိုချောင်းဆိုးခြင်း၊ ဖျားနာခြင်းမရှိသူတစ်ဦးထံမှလည်း ကူးစက်နိုင်ပါသည်။
( ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး ( WHO ) အနေဖြင့် ( COVID-19 ) ကူးစက်ပြန့်ပွားပုံနှင့် ပတ်သက်သော
သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များကို ဆက်လက် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ် )
( 7 ) ရောဂါရှိသူရဲ့ မစင်ကတစ်ဆင့် ကူးစက်နိုင်ပါသလား ?
ရောဂါရှိသူရဲ့ မစင်ကတစ်ဆင့် ကူးစက်နိုင်ခြေနည်းပါတယ်။ ကနဦးတွေ့ရှိချက်တွေအရ တစ်ချို့လူနာတွေရဲ့
မစင်ထဲမှာ ရောဂါပိုးရှိနေနိုင်ပေမယ့် အစာအိမ်အူလမ်းကြောင်းကတစ်ဆင့် အဓိက ကူးစက်ခြင်းမဟုတ်တာကို
တွေ့ရပါတယ်။ မည်သို့ပင်ဖြစ်စေ ကူးစက်နိုင်ခြင်းကို ကာကွယ်ဖို့အတွက် အစာမစားမီတိုင်း၊
အိမ်သာမှ ဆင်းပြီးတိုင်း၊ လက်ကိုစနစ်တကျ စင်ကြယ်အောင် ဆေးကြောပါ။
( ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ( WHO ) အနေဖြင့် ( COVID-19 ) ကူးစက်ပြန့်ပွားပုံနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များကို ဆက်လက်ဖြန့်ဝေသွားမှာ ဖြစ်ပါတယ် )
( 8 ) ရောဂါကာကွယ်ဖို့နည်းလမ်းတွေက ဘာတွေလဲ ?
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်တဲ့ရောဂါကာကွယ်နိုင်မယ့် ကျန်းမာရေးအသိပညာပေး သတင်းအချက်အလက်တွေကို သတိပြု ဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။ ယခုအခါ ကမ္ဘာ့နိုင်ငံအများစုမှာ ရောဂါကူးစက် ပျံ့နှံ့ နေပြီ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် တချို့နိုင်ငံတွေမှာရောဂါ ထိန်းချုပ်မှုတွေ အောင်မြင်နေပြီဖြစ်ပေမယ့် အခြေအနေတွေက ခန့်မှန်းလို့မရနိုင်သေး ပါဘူး။
နောက်ဆုံးရ သတင်းတွေကို ပုံမှန်စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် –
• ရေနဲ့ ဆပ်ပြာအသုံးပြုပြီး အနည်းဆုံးစက္ကန့် ( 20 )ကြာအောင် လက်ကို မကြာခဏ စနစ်တကျ ဆေးကြောပါ။
( သို့မဟုတ် ) Alcohol ( အနည်းဆုံး 60% ) ပါတဲ့ လက် သန့်စင် ဆေးရည်ကို အသုံးပြုပါ။
( လက်ကို စနစ်တကျ မကြာခဏ ဆေးခြင်းအားဖြင့် လက်မှာကပ်ငြိနေတဲ့ ရောဂါပိုးတွေကို သေစေနိုင်ပါတယ် )
• နှာချေ၊ ချောင်းဆိုးနေတဲ့သူတွေနဲ့ တွေ့ဆုံတဲ့အခါ အနည်းဆုံး ( 1 ) မီတာ ( 3 ) ပေ အကွာမှာ နေပါ။
( ရောဂါပိုးရှိသူတွေ နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ သေးငယ်သော အမှုန်အမွှားတွေမှာ ရောဂါပိုးတွေ ပါရှိတတ်လို့ပါ )
• မိမိရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို မကြာခဏ ကိုင်တွယ်ခြင်း မပြုပါနဲ့။
( လက်မှာရောဂါပိုးတွေ ကပ်ငြိနေမယ်ဆိုရင် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကနေ တစ်ဆင့် ရောဂါပိုးတွေ ဝင်ရောက်နိုင်လို့ပါ )
• နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်း လိုက်နာရမယ့် ကျင့်ဝတ်တွေကို လိုက်နာပါ။ နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို တစ်ရှူး ( သို့မဟုတ် ) တံတောင်ကွေးဖြင့် လုံခြုံအောင် ဖုံးအုပ်ပါ။ သုံးပြီးသားတစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ လက်ကို စနစ်တကျပြန်ဆေးပါ။
• နေမကောင်းဖြစ်လျှင် အိမ်မှာပဲ အနားယူပါ။ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူခက်ခဲခြင်းတွေဖြစ်ခဲ့လျှင် ဆေးကုသမှု ချက်ချင်းခံယူပါ။ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက လမ်းညွှန်ချက်အတိုင်း လိုက်နာပါ။ ( COVID-19 ) ရောဂါ ဘယ်နေရာတွေမှာ ဖြစ်ပွားနေပြီဆိုတဲ့ နောက်ဆုံးရသတင်းတွေ ကို စောင့်ကြည့်ပါ။ အဲဒီနေရာတွေကို ခရီးသွားခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ( အထူးသဖြင့် အသက်ကြီးသူများနှင့် နာတာရှည်ရောဂါရှိသူများ )
( 9 ) လွန်ခဲ့သော ( 14 ) ရက်အတွင်း ( COVID-19 ) ရောဂါဖြစ်ပွားနေတဲ့ဒေသမှ ပြန်လာသော သူများ
လိုက်နာရမယ့်အချက်တွေက ဘာတွေလဲ?
အထက်မှာ ဖော်ပြထားတဲ့ ရောဂါကာကွယ်နိုင်မယ့် နည်းလမ်းတွေကို လိုက်နာပါ။ မိမိတွင် ခေါင်းကိုက်ခြင်း၊
အဖျားငွေ့ရှိခြင်း ( 37.3 Celsius နှင့်အထက် ) နှင့် နှာရည်ယိုခြင်း စသည့် ရောဂါလက္ခဏာတွေ ပေါ်ပေါက်ပါက မိသားစုနဲ့အတူ ရောနှောနေထိုင်ခြင်းမပြုဘဲ သီးသန့်ခွဲခြား နေထိုင်ပါ။ အကယ်၍ အစားအစာဝယ်ရန် အပြင်ထွက်ရန် မဖြစ်မနေလိုအပ်ပါက ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ထားရပါမယ်။ အကယ်၍ အဖျားကြီး ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်းတို့ ဖြစ်ပေါ်လာလျှင် ဆေးကုသမှု ချက်ချင်းခံယူပါ။ ခရီးသွားရာဇဝင်ကို နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပို့ပြီး ကုသမှုခံယူပါ။ ခရီးသွားရာဇဝင်နဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့တဲ့ သူတွေစာရင်းကို ကျန်းမာရေးစောင့်ရှောက်သူထံ ပြောပြပါ။
( အထက်ပါအချက် များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ( COVID-19 ) ရောဂါအပါအဝင် အခြား ကူးစက်ရောဂါများ အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ )
( 10 ) ( COVID-19 ) ရောဂါကူးစက်နိုင်ခြေ ဘယ်လောက်ရှိသလဲ ?
“သင်” ဘယ်နေရာမှာ နေတာလဲရယ်၊ ခရီးသွားခဲ့တဲ့ ဒေသတွေပေါ်မှာ မူတည်ပြီး ကူးစက် နိုင်ချေ ကွာခြားသွားပါတယ်။ ရောဂါကူးစက်မှုဖြစ်ပွားနေတဲ့ မြို့ကြီးတွေ၊ ဒေသတွေမှာ နေထိုင်တဲ့ သူတွေနဲ့၊ အဲ့ဒီဒေသတွေကို ခရီးသွားလာတဲ့သူတွေမှာ ရောဂါကူးစက်နိုင်ချေ ပိုများပါတယ်။ အစိုးရနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရက ထုတ်ပြန်ထားတဲ့
ခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ တားမြစ်ချက်တွေ၊ လူစုလူဝေးနဲ့ပတ်သက်တဲ့ တားမြစ်ချက်တွေကို သေသေချာချာ လိုက်နာဆောင်ရွက်ရပါမယ်။ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ခြင်းဖြင့် မိမိကိုယ်တိုင်ရော၊ သူတစ်ပါးကိုပါ ရောဂါ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ( COVID-19 ) ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တယ်
ဆိုတာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အချို့နိုင်ငံတွေက လက်တွေ့ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရောဂါကူးစက်ပျံ့နှံ့မှုအသစ် ဖြစ်ပွားခြင်းတွေကလည်း အလျင်အမြန် ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်သွားမယ့် ဒေသရဲ့
( COVID-19 ) ရောဂါနဲ့ပတ်သက်တဲ့ အခြေအနေတွေကို သတိပြုဖို့ အလွန်အရေးကြီးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လည်း နေ့စဉ်နဲ့အမျှ နောက်ဆုံးရ သတင်းအချက်အလက်တွေကို ကမ္ဘာ့အနှံ့ကို ပေးပို့နေပါတယ်။
( 11 ) ( COVID-19 ) ရောဂါဟာ ဘယ်အတိုင်းအတာအထိ စိုးရိမ်ရမှာလဲ ?
ကလေးတွေနဲ့ လူငယ်တွေမှာ ( COVID-19 ) ရောဂါဟာ ပြင်းထန်လေ့မရှိဘဲ သာမန်ရောဂါ လက္ခဏာတွေပဲ
ဖြစ်ပွားတတ်တာပါ။ ရောဂါဖြစ်ပွားသူ ( 5 )ယောက်မှာ ( 1 )ယောက်က ရောဂါပြင်းထန်နိုင်ပြီး ဆေးရုံမှာ
ကုသဖို့လိုနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ကိုတိုင်နဲ့အတူ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုရော
ရောဂါကူးစက်မှာကို လူတိုင်းစိုးရိမ်နေကြမှာပါ။ စိုးရိမ်ပူပန်နေရုံနဲ့မပြီးပါဘူး။ လက်မကြာခဏ စနစ်တကျဆေးခြင်း၊ ချောင်းဆိုး၊ နှာချေတဲ့အခါ လိုက်နာရမယ့်ကျင့်ဝတ်တွေကို လိုက်နာခြင်းစတဲ့ ရောဂါကာကွယ်ရမယ့်
နည်းလမ်းတွေကို တစ်ဦးချင်းစီက လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေ၊ အစိုးရက ထုတ်ပြန်တဲ့ တားမြစ်ချက်တွေကို တစ်ဦးတစ်ယောက်ချင်းစီက လိုက်နာမယ်ဆိုရင် ရောဂါကူးစက် ပျံ့နှံ့မှုကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
( 12 ) ဘယ်လိုလူတွေမှာ ရောဂါပြင်းထန်တာလဲ ?
ယခုလက်ရှိ တွေ့ရှိချက်များအရတော့ အသက်ကြီးတဲ့သူတွေ၊ နဂိုရောဂါအခံ
( သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာ၊ အဆုတ်ရောဂါ ) ရှိတဲ့သူတွေမှာ ပိုပြီးပြင်းထန်တတ်ပါတယ်။
( 13 ) ပဋိဇီဝဆေး ( Antibiotics ) တွေက ( COVID-19 ) ရောဂါကို ကာကွယ်ကုသတဲ့နေရာမှာ ထိရောက်ပါသလား?
မထိရောက်ပါဘူး။ ပဋိဇီဝဆေးတွေက ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါတွေကိုပဲကုနိုင်တာပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတွေကို ကုသရာမှာ မသုံးသင့်ပါဘူး။
( 14 ) ( COVID-19 ) ရောဂါကိုကာကွယ်ကုသဖို့ ဆေးဝါးကုထုံးတွေ ရှိပါသလား ?
( COVID-19 ) ရောဂါကို ကုသနိုင်တယ်ဆိုပြီး အနောက်တိုင်းဆေးပညာ၊ တိုင်းရင်းဆေး၊ အိမ်တွင်းဆေးအမျိုးမျိုး ပေါ်ထွက်နေပေမယ့် လက်ရှိမှာတော့ ခိုင်မာတဲ့သက်သေ အထောက်အထားမရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ပဋိဇီဝဆေးများ အပါအဝင် မည်သည့်ဆေးကိုမျှ မိမိသဘောနဲ့မိမိ မသုံးစွဲရန် အကြံပြုထားပါတယ်။
ယခုလက်ရှိမှာတော့ ရောဂါကုသဖို့အတွက် အနောက်တိုင်းဆေးပညာရော၊ တိုင်းရင်းဆေးပညာကပါ ပေါင်းစပ်ပြီး ကြိုးစားဆောင်ရွက်နေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အသစ်တွေ့ရှိတဲ့ ဆေးပညာဆိုင်ရာ အချက်အလက်တွေကို ဆက်လက်ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။
( 15 ) ( COVID-19 ) ရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဖို့ဆေး ရှိပြီလား ?
အခုထိတော့ ကာကွယ်ဆေး၊ ကုသဆေးပါ မရှိသေးပါဘူး။ ( COVID-19 ) ရောဂါအတွက် ကာကွယ်ဆေးနဲ့ကုသဖို့ ဆေးရရှိဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်ပြီးတော့ ကြိုးစားနေကြပါတယ်။ ( COVID-19 ) ရောဂါကူးစက်ခံထားရတဲ့ လူနာများရဲ့ ရောဂါလက္ခဏာတွေ သက်သာဖို့အတွက်သာ အသင့်တော်ဆုံး ကုထုံးတွေနဲ့ ကုသနေကြရပါတယ်။ ရောဂါမဖြစ်ဖို့ရာအကောင်းဆုံးသောကာကွယ်ဆေးသည်မိမိမှ –
• လက်ကိုအမြဲသေချာဆေးကြောခြင်း
• ချောင်းဆိုးလျှင်လက်တံတောင်ဆစ် ( သို့မဟုတ် ) ပုဝါဖြင့် ချောင်းဆိုးခြင်း
• တခြားသူတွေနဲ့အနည်းဆုံး ( 3 ) ပေအကွာနေထိုင်ခြင်း တို့ပင်ဖြစ်ပါသည်။
( 16 ) ( COVID-19 ) ရောဂါက SARS ရောဂါနဲ့တူပါသလား?
မတူပါဘူး။ ကိုရိုနာဗိုင်းရပ်စ်အုပ်စုဝင် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားတာချင်းတူပေမယ့် ရောဂါတစ်ခုနဲ့တစ်ခု
မတူပါဘူး။ SARS ရောဂါက ( COVID-19 ) နဲ့ နှိုင်းယှဉ်ရင် သေဆုံးနှုန်းပိုများပြီး ကူးစက်နှုန်းက ပိုနည်းပါတယ်။
( 2003 ) ခုနှစ်ကစပြီး ကမ္ဘာပေါ်မှာ SARS ရောဂါဖြစ်ပွားခြင်း မတွေ့ရတော့ပါဘူး။
( 17 ) ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ပါးစပ်နဲ့ နှာခေါင်းစည်း တပ်သင့်သလား ?
နှာစေး၊ ချောင်းဆိုးစတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိတဲ့လူတွေ၊ ရောဂါလက္ခဏာ ရှိတဲ့သူတွေကို အနီးကပ်ပြုစုပေးရသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေပဲ ပါးစပ်နှင့် နှာခေါင်းစည်း ( Surgical Mask ) တွေကိုအဓိကထား သုံးရမှာဖြစ်ပါတယ်။
( 18 ) ပါးစပ်နှင့် နှာခေါင်းစည်း ( Surgical Mask ) ကို ဘယ်လိုတပ်ရမလဲ၊ ချွတ်ရမလဲ၊ ဘယ်လို စွန့်ပစ်ရမလဲ ?
• ပါးစပ်နှင့် နှာခေါင်းစည်းကို မဝတ်ခင် လက်ကိုဆပ်ပြာနှင့် စနစ်တကျ သေချာစွာဆေးပါ။ ( သို့မဟုတ် ) Alcohol ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။
• ပါးစပ်နှင့် နှာခေါင်းစည်းတွင် အပေါက်အပြဲများ ရှိ/မရှိ စစ်ဆေးပါ။
• အရောင်ပိုရင့်သည့် မျက်နှာပြင်ကို အပြင်ဘက်တွင် ထားရှိပါ။
• ကော်ချောင်း ( သို့မဟုတ် ) သတ္ထုချောင်းရှိသည့်ဘက်သည် အပေါ်ဘက်ဖြစ်သည်။
• ပါးစပ်နှင့် နှာခေါင်းနှစ်ခုလုံးကို လုံခြုံအောင် ဖုံးအုပ်ပါ။
• Mask ၏ ဘေးအနားစွန်းများနှင့် မိမိ၏ မျက်နှာကြားတွင် လစ်ဟာမှု ( gap ) မရှိစေရပါ။
• Mask အသုံးပြုနေစဉ် Mask ကို လက်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်း မပြုရပါ။
• Mask ကို ဖယ်ရှားမည်ဆိုပါက Mask အနောက်ဘက်ရှိ ကြိုးကိုသာ ကိုင်တွယ်ဖယ်ရှားပါ။
• Mask ကို ဖယ်ရှားပြီးပါက မိမိ၏လက်ကို စနစ်တကျပြန်လည် ဆေးကြောပါ။
• မိမိအသုံးပြုနေသော Mask သည် စိုစွတ်လာပါက အသစ်တစ်ခုနှင့် လဲလှယ် အသုံးပြုပါ။
• အသုံးပြုပြီးသား Mask ကို ပြန်လည်၍ အသုံးမပြုရပါ။
• အသုံးပြုပြီးသား Mask ကို အမှိုက်ပုံးထဲသို့ စနစ်တကျ လွှင့်ပစ်ပါ။
( 19 ) ( COVID-19 ) ရောဂါပျိုးချိန်က ဘယ်လောက်ကြာတာလဲ ?
ရောဂါပျိုးချိန်ဆိုတာက ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲကို ဝင်ရောက်တဲ့အချိန်ကနေ ရောဂါ လက္ခဏာ ပေါ်ပေါက်တဲ့အချိန် ကြားကာလကို ခေါ်တာပါ။ အကြမ်းအားဖြင့် ( COVID-19 )ရောဂါရဲ့ ရောဂါပျိုးချိန်ကို ( 1 )ရက်မှ ( 14 )ရက်အတွင်း၊ များသောအားဖြင့် ( 5 )ရက် ပတ်ဝန်းကျင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။
( 20 ) ( COVID-19 ) ရောဂါက တိရစ္ဆာန်ကတစ်ဆင့် လူကို ကူးစက်နိုင်ပါသလား ?
( COVID-19 ) ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်အများစုကတော့ တိရစ္ဆာန်များရဲ့ ခန္ဓာကိုယ်ထဲမှာနေထိုင်ပြီး ရံဖန်ရံခါမှသာ လူတွေဆီကို ကူးစက်ခြင်း ဖြစ်ပွား ပါတယ်။ ( 2012 ) ခုနှစ်
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ MERS ရောဂါဟာ ကုလားအုတ် ကနေတစ်ဆင့် လူကို ကူးစက်ခဲ့တာဖြစ်ပြီး၊
( 2002 ) ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကတော့ ကြောင်ကတိုးကနေတစ်ဆင့် လူကိုကူးစက်ခဲ့တာ ဖြစ်ပါတယ်။ ယခု လက်ရှိဖြစ်ပွားနေတဲ့ ( COVID-19 ) ရောဂါကတော့
ဘယ်တိရစ္ဆာန်ကနေ လူကို ကူးစက်တယ်ဆိုတာ မသိရှိရသေးပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်တောရိုင်းတိရစ္ဆာန် အပါအဝင် ဖျားနာနေတဲ့ ခြံမွေးတိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ မကိုင်တွယ် မထိတွေ့ပါနဲ့။ အသားတွေကို သေချာစွာ ကျက်အောင်ချက်ပြုတ်ပြီး စားသောက် ရပါမယ်။ အသားစိမ်းတွေ၊ ကလီစာတွေ
တိရစ္ဆာန်ကထွက်တဲ့ နို့တွေကို သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျ ကိုင်တွယ်ရမှာဖြစ်ပြီး ကိုင်တွယ်ပြီးရင် စနစ်တကျ လက်ပြန်ဆေးရမှာ ဖြစ်ပါတယ်။
( 21 ) ( COVID-19 ) ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ဟာကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်တွေကတစ်ဆင့်ကူးစက်နိုင်ပါသလား ?
ဟောင်ကောင်မှာ ရောဂါရှိတဲ့ခွေးတစ်ကောင်တွေ့ရတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပေမယ့် ( COVID-19 ) ရောဂါဖြစ်စေတဲ့
ဗိုင်းရပ်စ်ဟာ ခွေး၊ ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကတစ်ဆင့် ကူးစက်ပျံ့နှံ့ကြောင်း ယခုအချိန်အထိ အထောက်အထား မတွေ့ရှိရသေးပါဘူး။ World Organization for Animal Health ( OIE ) ကနေပြီး အိမ်မွေးတိရစ္ဆာန်ရှိသူတွေကို ဘယ်လိုမျိုး ကာကွယ်ရန်နည်းလမ်းများနှင့် အထောက်အကူပြုမယ့်ပညာပေးအချက်အလက်များကိုစုစည်းဆောင်ရွက်နေပါတယ်။ လောလောဆယ်မှာတော့ လူကနေလူကိုပြန်ကူးစက်တာသည် အဓိက
ပိုအဖြစ်များနေပါတယ်။
( 22 ) ( COVID-19 ) ရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်က အရာဝတ္ထုမျက်နှာပြင်တွေပေါ်မှာ
ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်တာလဲ ?
အတိအကျ မသိရသေးပေမယ့် တခြား ကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။ တွေ့ရှိချက်တွေအရ အရာဝတ္ထုတွေရဲ့ မျက်နှာပြင် အမျိုးအစား၊ပတ်ဝန်းကျင်၊ အပူချိန်၊ စိုထိုင်းဆ တို့အပေါ်မူတည်ပြီး
မျက်နှာပြင်တွေပေါ်မှာ နာရီအနည်းငယ်မှ ရက်ပေါင်း များစွာအထိ ရှိနေနိုင်ပါတယ်။ မျက်နှာပြင် ညစ်ပတ်နေကာ
ကူးစက်နိုင်မယ်လို့ထင်ပါက ရိုးရိုးပိုးသတ်ဆေးရည်နဲ့သန့်ရှင်းပါ။ မိမိရဲ့ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောခြင်း ( သို့မဟုတ် ) Alcohol အရက်ပြန်ပါဝင်တဲ့ လက်သန့်စင်ဆေးရည်နဲ့ ဆေးကြောခြင်းကို ပြုလုပ်ရမှာ
ဖြစ်ပါတယ်။ ဒါ့ပြင် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို လက်ဖြင့်ကိုင်တွယ်ခြင်းတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
( 23 ) ( COVID-19 ) ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေက ပို့တဲ့ပစ္စည်းတွေ၊ ပါဆယ်ထုပ်တွေကိုလက်ခံတဲ့အခါ
ဘေးကင်းရဲ့လား ?
လက်ခံလို့ ရပါတယ်။ ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။
( 24 ) ( COVID-19 ) ရောဂါကာကွယ်ရေးမှာ လွဲမှားနေတဲ့ အယူအဆတွေက ဘာတွေလဲ ?
ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ရေနွေးကြမ်းသောက်ခြင်း Mask များကို နှစ်ခုသုံးခုထပ်၍ သုံးခြင်း၊ ပဋိဇီဝဆေးများကို မိမိသဘောဖြင့် သုံးစွဲခြင်းတို့သည်ကူးစက်မှုကိုကာကွယ်နိုင်ခြင်းများမဟုတ်ပေ။
မကာကွယ်နိုင်တဲ့အပြင် ( COVID-19 ) ရောဂါဖြစ်ပွားပါက ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကြောင့် ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။
( 25 ) ( COVID-19 ) သည် လေထုထဲတွင်အကြာကြီးနေပါသလား ?
( COVID-19 ) ကိုဖြစ်စေသောဗိုင်းရပ်စ်သည် ကူးစက်ခံထားရသူတစ်ဦး၏ ချောင်းဆိုးခြင်း၊ နှာချေခြင်း တို့မှတစ်ဆင့် ရောဂါအစက်အမှုန်လေးတွေကနေ ကူးစက်တာဖြစ်ပါတယ်။ ဒီအစက်လေးတွေဟာလေထုထဲမှာ
အကြာကြီးနေဖို့ အရမ်းလေးလွန်းတယ်။ သူတို့သည်လျင်မြန်စွာကြမ်းပြင်များ သို့မဟုတ် မျက်နှာပြင်များပေါ်တွင် ပြုတ်ကျလေ့ရှိသည်။ သို့သော် နောက်ပိုင်းတွေ့ရှိချက်များအရ လေထုထဲတွင်ခန့်မှန်းခြေ 3 နာရီမျှ နေနိုင်ပါသည်။
သင်သည် ( COVID-19 ) ရှိသူတစ်ဦး၏ 1 မီတာအကွာတွင်ရှိလျှင် ( သို့မဟုတ် ) ညစ်ညမ်းသောမျက်နှာပြင်ကို
ထိမိလျှင်၊ သင်၏လက်များ၊ ဆေးကြောခြင်းမပြုမီသင်၏မျက်စိ၊ နှာခေါင်း ( သို့မဟုတ် ) ပါးစပ်ကိုထိခြင်းတို့ဖြင့်
ဗိုင်းရပ်စ်ကို ရှူရှိုက်မိခြင်းဖြင့် ကူးစက်နိုင်ပါသည်။
( COVID-19 ) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ၊ ကူးစက်ခံရသည် ( သို့မဟုတ် ) ကူးစက်ခံရသည့်သူကို တွေ့ ရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ပြီး ကုသမှုခံယူပါ။ မိမိ၏ခရီးသွားရာဇဝင်ကို ကျန်းမာရေးစောင့်ရှောက်သူထံ ပြောပြရပါမည်။
သတင်းပို့ရန် ဖုန်းနံပါတ် ( Hotline ) 067-3420802
မိမိမှာ အဖျားရှိပြီး သံသယရှိပါက အောက်ဖော်ပြပါ ဆေးခန်းများသို့သာ သွားပြရန် အကြံပေးလိုပါတယ်။
ယခုဖော်ပြပါဆေးခန်းတွေဟာ အကာအကွယ်အပြည့်အစုံနဲ့ Precautions ယူထားတာဖြစ်လို့ Suspect တွေအတွက်အသင့်လျော်ဆုံး ဖြစ်ပါတယ်။
Fever Clinic
Reference:
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) ၏ April 8th, 2020 ရက်စွဲပါ  Q & A on Coronaviruses နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ယခင်ဘာသာပြန်ဆိုထားမှုများမှ မှီငြမ်း ကိုးကားထားပါသည်။