ကျောက်မျက်အကြောင်းသိကောင်းစရာ, ဆောင်းပါး, ပညာရေး

မြန်မာ့ကျောက်စိမ်း

Myanmar Jade

မြန်မာ့ကျောက်စိမ်းကို အထူးသဖြင့် အသွင် ( ၂ ) မျိုး အနေနှင့် တွေ့မြင်ကြရသည်။ ယင်းအသွင် ( ၂ ) မျိုးမှာ

( ၁ ) အယ်လ်ဗိုလ်ဂျေဒိုက် ကျောက်စိမ်းကြောကြီးများ အသွင်ဖြင့် အိမ်သည်ကျောက်မျက်အတွင်း ထိုးဖောက်ဝင်ရောက်နေသည်ကို တွေ့ကြရသည်။
( ၂ ) ခြေမွ ကြွင်းကျန်ကျောက်တုံးကြီးများအသွင်ဖြင့်လည်း ကုန်းပေါ်နှင့်ချောင်းများ မြစ်များအတွင်းတွင် တွေ့ကြရသည်။

ယင်း အယ်လ်ဗိုလ်ကျောက်စိမ်းကြောကြီးများ၏ ဦးတည်ဘက်သည် များသောအားဖြင့် အရှေ့မြောက်မှ အနောက်တောင်သို့ ဖြစ်ပြီး၊ အရှေ့မြောက်မှ အနောက်တောင်အတိုင်း ရှိသည်ကို တွေ့ရသည်။ ၎င်းတို့၏ အလျားမှာ ရာထောင်ချီ တည်ရှိနေသည်။ အထူမှာလည်း တစ်နေရာနှင့် တစ်နေရာမတူဘဲ ဖြစ်နေတတ်သည်။ ယင်း အယ်လ်ဗိုက်ဂျေဒိုက်ကျောက်စိမ်းကြောကြီးများကို အများအားဖြင့် အခြားကျောက်အမျိုးအစားများနှင့်အတူ ရောနှောတွေ့ရတတ်သည်။ ကျောက်စိမ်းကြောကြီးများကို ဆာပင်တိုင်းကျောက်ထူထဲသို့ တိုးဝင်အနေအထားဖြင့် တွေ့ကြရပြီး ကျောက်စိမ်းကြော၏ အပြင်ဘက်ဆုံး ဇုံတွင် အသွင်ပြောင်းကျောက်အမျိုးအစားဖြစ်သည့် ရှစ်ကျောက်အမျိုးမျိုးကို ကျိုးကြေနေသော အနေအထားများဖြင့် တွေ့ကြရသည်။ ၎င်း ကျောက်အမျိုးအစားကို ယင်း ဒေသမှ မိုင်းသမားများက ” ဗြင်းဒုံး “ဟု ခေါ်ကြသည်။ အဆိုပါ အယ်လ်ဗိုက်ဂျေဒိုက်ကျောက်စိမ်းနှင့်အတူ တွေ့ရတတ်သော အခြားကျောက်တစ်မျိုးမှာ အမ်ဖိဗိုလိုက် ( Albitite ) ( ခေါ် ) အသွင်ပြောင်းကျောက်တစ်မျိုးဖြစ်သည်။ ယင်း ကျောက်မှာ အစိမ်းရင့်ရောင်ရှိပြီး ဖွဲ့သာကြမ်း၍ အမျှင်လေးများဖြင့် ရှိတတ်သည်။ ပုံဆောင်ခဲသည် အပ်ချောင်းလေးများပုံနှင့် ဓားသွားပြားပုံ ရှိတတ်သည်။ ပုံဆောင်ခဲသည် အပ်ချောင်းပုံနှင့် ဓားသွားပြားပုံရှိတတ်သည်။မြန်မာနိုင်ငံမှ ခိုင်စုမော်အရပ်တွင် တွေ့ရသော ကျောက်စိမ်းကြောကြီးသည် ကျောက်စိမ်းကြော၏ တိုးဝင်ပုံ အနေအထားအရ စံထားလောက်အောင် ရှင်းလင်းကောင်းမွန်လှ၏ ။

မြန်မာ့ကျောက်စိမ်း၏ ရင်းမြစ်ကို သုတေသန ပြုလုပ်ခဲ့သူအများအပြားထဲတွင် ထင်ရှားသော သုတေသီများ ဖြစ်သည့် ” Lacroix ” နှင့် ” Chhibber ” တို့က မြန်မာ့ကျောက်စိမ်းသည် မြင့်မားသော ဖိအားအခြေအနေတွင် ဆီလီကာ လျော့နည်းသွားသော ဂရက်နစ်ယောင် ကျောက်ရည်ပူမှ တိုက်ရိုက်ပုံဆောင်သည်ဟု လက်ခံယုံကြည်ကြသည်။ တိုးဝင်လာသော ကျောက်ရည်ပူများ၏ ဖွဲ့စည်းပုံသည် အခြေခံအားဖြင့် ဆိုဒါကြွယ်ဝသော ဂရက်နစ်အက်ပလိုက် ကျောက်အမျိုးအစား ဖြစ်ကြသည်။ မျက်မှောက်ခေတ် ကာလတွင်မူ ကျောက်စိမ်း၏ ရင်းမြစ်ကို အသွင်ပြောင်းကျောက်အဖြစ် တင်ပြကြရာ မူလကျောက် ကို အယ်လဗိုက်အဖြစ် တင်ပြကြသည်။ မီးသင့်ကျောက်၏ ရင်းမြစ်သည် ကျောက်ရည်ပူမှ တိုက်ရိုက်ပုံဆောင်ခြင်းဖြစ်သည် ဟူသော ဖြစ်စဉ်ကို လက်တွေ့ပြသရန် အထောက်အထားများ မရှိသဖြင့် လက်မခံကြပါ။ အကြောင်းမှာ မြန်မာ့ကျောက်စိမ်း၏ ရင်းမြစ်သည် အသွင်ပြောင်းကျောက် ဖြစ်ကြောင်းကို ရှစ်ကျောက်များနှင့် ကျိုးပဲ့နေသောကျောက်များကြောင့် ဖြစ်သည်။ ယင်း တို့သည် ဦးတည်ရာ အားလုံးဆီသို့ ဖြာထွက်ကာ အက်ကြောင်းများထဲတွင် နောက်ဆက်တွဲ အသွင်ပြောင်း ဂျေဒိုက်များကို တွေ့ကြရသည်။ အဆိုပါ အထောက်အထားများအရ မြန်မာနိုင်ငံ၏ ကျောက်စိမ်းရင်းမြစ်သည် အယ်ဗိုက်ကျောက်အသွင်ပြောင်းရာမှ ဖြစ်လာသော ကျောက်ဟု ကောက်ချက်ချကြသည်။