ကျောက်မျက်အကြောင်းသိကောင်းစရာ

ကျောက်စိမ်း အခွံ အကြောင်း သိကောင်းစရာ

Jade Exterior , u hton goldsmith , myanmar

ကျောက်စိမ်းအခွံမှာ အဓိကအားဖြင့် ရေခွံနဲ့ကုန်းခွံ ဆိုပြီး (၂)မျိုး ရှိပါတယ်။ အခွံရဲ့အရောင်တွေပေါ်မှာ မူတည်ပြီး အသေးစိတ်ကိုလည်း ဗဟုသုတအဖြစ် ဖော်ပြပေးထားပါတယ်။

ရေခွံဆိုသည်မှာ ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ၊ မြစ်ချောင်း အင်းအိုင်များမှ ထွက်ရှိတဲ့ကျောက်ရဲ့အခွံ ဖြစ်ပါသည်။ များသောအားဖြင့် ရေခွံပါတဲ့ကျောက်ဟာ အသားကောင်းပြီး အရွယ်အစားအမျိုးမျိုး ရှိပြီးတော့  ပြောင်ချောနေပါတယ် ။

ကုန်းခွံဆိုသည်မှာ တောင်တွေ၊ မြေကြီးတွေအောက် တူးလို့ရတဲ့ ကျောက်ရဲ့အခွံဖြစ်ပြီး မြေမှုန်နဲ့ကုဋေကျောက်ဆိုပြီး ကွဲပြားတတ်ပါသည်။

မြေမှုန်ဆိုသည်မှာ ကျောက်စိမ်းထွက်ရာဒေသရှိ ကုန်းမြေများမှ တူးဖော်ရရှိ၍ အခွံအမျိုးမျိုး ရှိပါတယ် ။

ကုဋေကျောက်ဆိုသည်မှာ ကျောက်ရဲ့အခွံက အခွံမဲဖြစ်ပြီး ကပ်တရာစေးကပ်နေသလို၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေးတွေ ပါသောကြောင့် ချောကပ်နေတတ်ပါသည်။ ကုဋေကျောက်များသည် မော်ဝမ်းလေး ၊ မော်ဝမ်းကြီး ၊ မော်မောင်းကုန်း တို့မှ အဓိက ထွက်ပါတယ် ။

အခွံများ၏ သဘာဝအကြောင်းကို အောက်မှာ အသေးစိတ်ဗဟုသုတအဖြစ် ဖော်ပြထားပါသည်။

သံချေးခွံဆိုသည်မှာ သံထည်ပစ္စည်းများ သံချေးတက်နေတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်နေပြီး ၎င်းလိုမျိုး အခွံရှိလျှင် ကျောက်က မျိုးရင့်တတ်ပါသည်။ အခွံကို ဖြတ်ကြည့်တဲ့အခါလည်း အခွံက နှစ်မျိုး ဖြစ်နေတတ်ပါသည်။

ဝါးဖတ်ခွံဆိုသည်မှာ ဝါးဖတ် အရောင်အဆင်းနဲ့တူပြီး ကျောက်မျိုး ကောင်းတတ်ပါတယ်။

သစ်တော်ခွံ သို့မဟုတ် အာလူးခွံဆိုသည်မှာ သစ်တော်သီးခွံ အရောင် (သို့) အာလူးသီးခွံ အရောင်ပါတတ်ပြီး ကျောက်မျိုးကောင်းတတ်ပါတယ် ။

အင်္ဂတေခွံဆိုသည်မှာ နာမည်အတိုင်း အင်္ဂတေ အရောင်ရှိတတ်ပြီး ကျောက်သားပျက်တတ်ပါတယ်။ ကျောက်မျိုးမကောင်းတတ်ပါ။

ဖွဲနုခွံဆိုသည်မှာ စပါးခွံဖွဲ အရောင်မျိုးဖြစ်၍ အခွံကို လက်ချောင်းထိပ်လေးတွေနဲ့ ပွတ်ကြည့်လျှင် နုနယ်ပါတယ် ။

ဖွဲလတ်ခွံဆိုသည်မှာ စပါးခွံဖွဲ အရောင်ပါပြီး အခွံကို စမ်းကြည့်တဲ့အခါ အခွံက ကြမ်းပါတယ်။

အခွံထဲမှာ ဖွဲကြမ်းခွံသည် အကြမ်းဆုံးဖြစ်ပါတယ်။

ဖယောင်းခွံဆိုသည်မှာ ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ် ။

မုံထုခွံဆိုသည်မှာ သနပ်ခါး အရောင်ရှိပြီး မျိုးကောင်းတတ်ပါတယ် ။

မုံထုခွံကြွေဆိုသည်မှာ လက်နဲ့ကိုင်ကြည့်လျှင် အခွံအစအနလေးတွေ ပါလာသောကြောင့် မျိုးကောင်းတတ်ပါတယ် ။

ခွံကြမ်းဆိုသည်မှာ ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါသည်။

ခွံထူဆိုသည်မှာ အခွံမှာ သိသိသာသာ ထူနေတတ်ပါတယ် ။

ခွံကျစ်ဆိုသည်မှာ အခွံမှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပြီး အသားပျက်တတ်ပါတယ် ။

ကျောက်တစ်တုံး၏ တစ်နေရာမှာ အခွံတစ်မျိုး ၊ အခြားနေရာမှာ အခွံတစ်မျိုးဖြစ်ခြင်းသည် ခွံပျက် လို့ခေါ်ပြီး ကျောက်သားပျက်တတ်ပါတယ်။

ဖော်ပြပါ အခွံများ၏အကြောင်းအရာများကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်။