ပြည်ပသတင်း

တတိယ ကမ္ဘာစစ် ဖြစ်ပွားနိုင်ချေ ရှိနေပြီလား

Third War

အခြား ကိုးကားဝေဖန်ချက်များအား အခြေခံ၍ ယခုအချိန်အခါ လူအများ စိုးရိမ်ပူပန်မှုများနှင့် ကမ္ဘာ့နိုင်ငံရေးလောကတွင် အမေးများဆုံးနှင့် ဆွေးနွေးလျှက် ရှိနေသော တတိယ ကမ္ဘာစစ် ဖြစ်ပွားနိုင်ချေရှိနေပြီလား ဆိုသည့် အကြောင်းအရာများနှင့် ပက်သက်၍ တင်ပြလိုက်ပါသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရှရှားသမ္မတ Vladimir Putin ၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် စတင်လာသော ရှရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် စတင်ဆင်နွဲလိုက်ခြင်းသည် တစ်ကမ္ဘာလုံးအတွက် အံဩတုန်လှုပ်စရာ အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပါသည်။ နိုင်ငံရေး သုတေသီများနှင့် အနောက် အင်အားစုနိုင်ငံခေါင်းဆောင်အများစုသည် စစ်ပွဲမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ယခု ကြုံတွေ့လိုက်ရချိန်တွင် ကမ္ဘာ့ပြည်သူများအားလုံးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းနှင့်အတူ တတိယ ကမ္ဘာစစ် စတင်လာတော့မည်လားဆိုသည့် မေးခွန်းအများအပြား တွင်တွင်ကျယ်ကျယ် ပေါ်ထွက်လာခဲ့ပါသည်။

ရှရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့၏ စစ်ပွဲသည် နှစ်နိုင်ငံစစ်ပွဲထက် ပို၍ တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုရှိပြီး အင်အားကြီးနိုင်ငံနှစ်ခု ဖြစ်ပွားသော တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် စစ်ပွဲတစ်ခု ဖြစ်ပါသည်။ စစ်ပွဲ စတင်သည့်အချိန်မှစ၍ တစ်ကမ္ဘာလုံး အနှံ့အပြားတွင် ရှရှားနိုင်ငံအပေါ် ပိတ်စို့မှုများ စတင်လိုက်ပြီး ရှရှားငွေကြေးဈေးကွက်အပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်လာခဲ့ပါသည်။ ဒါ့အပြင် ရှရှားနိုင်ငံ တစ်ဝှမ်းလုံးတွင်လည်း ဆန္ဒပြမှုများစွာ ပေါ်ထွက်လာပြီး ရှရှားနိုင်ငံအနေနှင့် ကျူးကျော်စစ်ပွဲ အမြန်ဆုံး ရပ်တန့်နိုင်ရန် တောင်းဆို လာခဲ့ကြပါသည်။ ရှရှားသမ္မတသည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအား ရပ်တန့်နိုင်မည့် အရိပ်အယောင် တစ်စိုးတစ်စ မပြဘဲ ဆန္ဒပြသူများအား ဖမ်းစီးအရေးယူခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ရှရှားနိုင်ငံတွင် နိုင်ငံအတွင်း မတည်ငြိမ်မှု ပြဿနာများနှင့် ရင်ဆိုင်နေရပါသည်။

ရှရှားနိုင်ငံအနဖြင့် ၎င်းတို့အပေါ် တားမြစ်ပိတ်ဆို့မှုများ ချမှတ်လာခြင်းကြောင့် နိုင်ငံ့ထုတ်ကုန်ဖြစ်သည့် ရေနံနှင့် စက်သုံးဆီရောင်းချမှုအား ရပ်တန့်သည့်အခါ ကမ္ဘာ့ စက်သုံးဆီဈေး မြင့်တက်လာပြီး လက်ရှိအချိန်တွင် ‌တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဒေါ်လာဈေး မတည်ငြိမ်မှုများအား စတင် ခံစားနေကြရပြီ ဖြစ်ပါသည်။

ယူကရိန်းနိုင်ငံအနေဖြင့် လက်ရှိတွင် ‌စစ်ရေးအရ ကွာခြားချက်များကြောင့် နိုင်ငံတွင်း ထိခိုက်ပျက်စီးမှု များစွာနှင့်အတူ ယူကရိန်း ပြည်သူအများအပြား အခြားနိုင်ငံအတွင်းသို့ နိုင်ငံရေး ခိုလှုံခွင့် ရယူပြီး ပြောင်းရွှေ့နေထိုင်ခဲ့ရသလို အသက်အိုးအိမ် စည်းစိမ် အများအပြား ဆုံးရှုံးပျက်စီးမှုများနှင့် ရင်ဆိုင်နေကြရပါသည်။ ယူကရိန်းနိုင်ငံ၏ ပြည်သူများ စစ်ရေးရှောင်ရှားမှုများကြောင့် အခြားနိုင်ငံများအနေဖြင့် လိုအပ်သော ကူညီထောက်ပံ့မှုများမှာ နေ့စဉ်နှင့်အမျှ လိုအပ်နေပြီး၊ ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေး ပြဿနာတစ်ခု ဖြစ်လာခဲ့ပါသည်။

တတိယ ကမ္ဘာစစ် ဖြစ်ပွားတော့မည်လားဆိုသည့် အကြောင်းအရာများနှင့် လက်ရှိအချိန် စစ်ပွဲသည် ဆွေးနွေးညှိနှိုင်း အဖြေရှာရေး တွန်းအားပေးလျှက် ရှိနေပြီး၊ ၂၁ ရာစုတွင် ကမ္ဘာလုံး စစ်ပွဲများ ဖြစ်ပေါ်လာခြင်းထက် ရှရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ နှစ်နိုင်ငံတွင်သာ စစ်ရေးအခြေအနေအရ ဆွေးနွေးညှိနှိုင်း အဖြေရှာမှု‌အပေါ် အခြေခံပြီး စစ်ပွဲကာလ ရှည်ကြာနိုင်သည်ဟု ခန့်မှန်းသုံးသက်ချက်များ ထွက်ပေါ်လာခြင်းကြောင့် တတိယကမ္ဘာစစ် ဖြစ်ပွားနိုင်ချေ ရာခိုင်နှုန်း နည်းပါးလှပါသည်လို့ သုံးသပ်မိပါသည်။ နောက်ကွယ်တွင် လက်နက်ပံ့ပိုးကူညီမှုများကြောင့် စစ်ပွဲသည် အချိန်ရှည်ကြာနိုင်သကဲ့သို့ ဒုက္ခသည်များ တိုးပွားလာမှုနှင့်အတူ ကမ္ဘာ့ ငွေကြေးဈေးကွက် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းသုံးသပ်ချက်များ တင်ပြဖော်ပြလိုက်ပါသည်။