Lifestyle, ဆောင်းပါး

လက်စွပ်တွေကို အခက်အခဲ မရှိအောင်ဘယ်လို ဝတ်ဆင်ကြမလဲ

how to wear a ring, how to avoid difficulties wearing rings, ruby, u hton goldsmith, myanmar

လူတိုင်းမှာ အလှတရားတွေ ကိုယ်စီနဲ့ပါ။ ဒီအလှတရားတွေ ပိုမိုတင့်တယ်စေဖို့ လူတိုင်းဟာ မိမိတို့ ကိုယ်ပေါ်မှာ အဆင်တန်ဆာတွေ အမျိုးမျိုး ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒီလို အဆင်တန်ဆာအမျိုးမျိုး ဝတ်ဆင်တဲ့နေရာမှာ လက်စွပ်ဝတ်ဆင်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့က လက်စွပ်ဝတ်ခြင်းနဲ့ အခက်အခဲတွေ အဆင်ပြေအောင် ဝတ်ဆင်တဲ့ နည်းလမ်းလေးတွေနဲ့ ပတ်သက်ပြီး ပြောပြသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ လက်စွပ်တွေကို ဒီဇိုင်းပုံစံအမျိုးမျိုး ဝတ်ဆင်လေ့ရှိကြပြီး မည်သည့် လက်ချောင်းလေးတွေမှာမဆို ဝတ်ဆင်လေ့ ရှိကြပါတယ်။ ဒီလို ဒီဇိုင်းပုံစံတွေပေါ် မူတည်၍ လက်စွပ်ဝတ်ဆင်တဲ့အခါမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် ကျွန်တော်ရဲ့ ပုံမှန်လက်တိုင်းဟာ ၁၅ ဆိုပါစို့။ ဒါပေမဲ့ ကျွန်တော်က အပြားဒီဇိုင်း လက်စွပ်ကို ဝတ်ချင်တယ်ဆိုရင် လက်တိုင်း ၁၅ ဝယ်လို့ မရနိုင်ပါဘူး။ အပြားဒီဇိုင်းတွေက လက်ချောင်းထဲကို သွင်းတဲ့အခါ သွင်းလို့ ရပေမယ့် ပြန်ချွတ်တဲ့အခါ အခက်အခဲ အနည်းငယ်ရှိနိုင်ပါတယ်။ အပြားဒီဇိုင်း ဖြစ်သည့်အတွက် လက်ချောင်းနဲ့ လက်စွပ်ကြားထဲ လေမဝင်နိုင်ဘဲ လက်စွပ်နဲ့ အသားကပ်နေပြီး ပြန်ချွတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် အပြားဒီဇိုင်းလက်စွပ်ကို ဝတ်ချင်တယ်ဆိုရင် ပုံမှန်လက်တိုင်းထက် တစ်ဆိုဒ်ကြီးတာ ( ဒါမှမဟုတ် ) ဆိုဒ်ဝက်လောက်ကြီးတာကို ဝယ်ယူဝတ်ဆင်မယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပါ။ ဒါကတော့ လက်စွပ်ဒီဇိုင်းတွေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေနဲ့ ဘယ်လို အဆင်ပြေအောင် ဝတ်ရမလဲ ဆိုတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။

နောက်ထပ် လက်စွပ်ဝတ်ခြင်းမှာ လက်ချောင်းလေးတွေနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း ရှိနိုင်ပါတယ်။ ဥပမာအနေဖြင့် လူတယောက်ချင်းဟာ လက်ချောင်းလေးတွေ  တည်ဆောက်ပုံခြင်း မတူညီကြပါဘူး။ တချို့လူတွေရဲ့ လက်တွေဟာ လက်ရဲ့ အဆစ်လေးတွေက ကြီးပြီး လက်ချောင်းလေးတွေက သေးနေတတ်ပါတယ်။ တချို့ကျတော့လည်း လက်ဆစ်လေးတွေ သေးပြီး လက်ချောင်းလေးတွေ ပြည့်နေတတ်ပါတယ်။ လက်ဆစ်လေးတွေ ကြီးနေတဲ့ လက်ချောင်းပိုင်ရှင်လေးတွေက လက်စွပ်ဝတ်မယ်ဆိုရင် လက်တိုင်း ၁၆ လောက်မှ လက်ဆစ်နဲ့ ကွက်တိဖြစ်မယ်ဆိုရင် ၁၆ လောက် မဝတ်ဆင်သင့်ပါဘူး။ ၁၅ ခွဲ ဒါမှမဟုတ် ၁၅ လောက် ဝတ်ဆင်သင့်ပါတယ်။ ဒါမှသာ အဆစ်ထဲကိုလည်း ထိုးလို့ရမယ်။ လက်ချောင်းထဲမှာလည်း အရမ်းကြီးချောင်မနေဘဲ ဝတ်ရတာ အဆင်ပြေမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ၁၆ သာဝတ်မယ်ဆိုရင် လက်ဆစ်ထိုးရတာ အဆင်ပြေပေမဲ့ လက်ချောင်းထဲ ရောက်တဲ့အခါ အရမ်းချောင်နေပြီး လက်စွပ်က လက်ချောင်းထဲမှာ လည်နေမှာဆိုတော့ သိပ်ပြီး အဆင်မပြေလှပါဘူး။ ဒါကတော့ လက်ချောင်းလေးတွေနဲ့ ပတ်သက်ပြီး  လက်စွပ်ဝတ်ဆင်ခြင်းရဲ့ အခက်အခဲတွေနဲ့ ပိုပြီး အဆင်ပြေနိုင်တဲ့ နည်းလမ်းလေးတွေပါ။ လက်စွပ်ဝတ်ခြင်းနဲ့ ပတ်သတ်ပြီး နောက်ထပ်အခက်အခဲ တစ်ခုရှိပါသေးတယ်။

ဒါကတော့ နေရာဒေသနဲ့ ပတ်သက်တဲ့ အခက်အခဲပါ။ ကျွန်တော်တို့ အနေနဲ့ အရာဝတ္ထုပစ္စည်းတွေဟာ အေးရင်ကျုံ့ လာပြီး ပူရင် ပွလာတဲ့ နိယာမသဘောတရားလိုပဲ ကျွန်တော်တို့ လူသားတွေရဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသားတွေမှာလည်း ဒီ နိယာမ သဘောတရားတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဝယ်ယူဝတ်ဆင်ထားတဲ့ လက်စွပ်က ကိုယ့်လက်နဲ့ ကွက်တိဖြစ်နေမယ်ဆိုရင် အမေရိက လို အရမ်းအေးတဲ့ နိုင်ငံမျိုးရောက်ရင် ဒီလက်စွပ်က အရမ်းချောင်နေပြီး ဝတ်ရတာဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒီလိုပါဘဲ အမေရိက လို နိုင်ငံမျိုးက လက်တိုင်းကွက်တိဝယ်ယူဝတ်ဆင်ထားတဲ့ လက်စွပ်ကို မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ဝတ်မယ်ဆိုရင် အရမ်းကြပ်နေပြီး ဝတ်ရအဆင်မပြေ ဖြစ်နေတာကို တွေ့ရမှာပါ။

ဒါတွေကတော့ လက်စွပ်ဝတ်ခြင်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေနဲ့ ဘယ်လိုဝတ်ဆင်ရင် အဆင်ပြေမလဲ ဆိုတဲ့နည်းလမ်းလေးတွေကို ပြောပြသွားတာပါ။ နောက်အပတ်တွေမှာလည်း ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာလေးတွေ တင်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။