အထွေထွေသိမှတ်စရာ

ကိုယ်နှင့်လိုက်ဖက်ညီတဲ့ဆွဲကြိုးလေးတွေ ဘယ်လိုဝတ်ဆင်သင့်သလဲ?

about necklace , u hton goldsmith , myanmar

လည်ဆွဲရတနာဆိုသည်မှာ အမျိုးသမီးတိုင်း တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုး ဝတ်ဆင်ကြတဲ့ ရတနာတစ်မျိုးဖြစ်ပါတယ်။ ဒီရတနာလေးတွေဟာ  အမျိုးသမီးတိုင်းရဲ့အလှကျက်သရေကို တိုးပွားစေပြီး လူအများနှင့် မိတ်ဆွေအပေါင်းအသင်းများကြားမှာ တင့်တယ်မှုကိုပေးဆောင်နိုင်ပါသည်။ အမျိုးသမီးတွေရဲ့ကျက်သရေဆောင် ရတနာပစ္စည်းတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ ပျိုမေတို့ လည်ဆွဲရတနာများကို ဝတ်ဆင်မယ်ဆိုရင် မိမိတို့နဲ့လိုက်ဖက်မယ့် ပုံစံလေးတွေကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့တော့လိုအပ်ပါသည်။ မှန်ကန်စွာ ရွေးချယ် ဝတ်ဆင်နိုင်ဖို့ ကိုယ်ခန္ဓာအချိုးအစား၊ မျက်နှာအနေအထား၊ လည်တံအနေအထား၊ လည်ပင်းပုံစံတွေက အဓိက သော့ချက်တစ်ခုအဖြစ်ပါဝင်နေပါတယ်။

လည်ပင်းတိုသူတွေ၊ မျက်နှာလေးထောင့်ကျသူတွေနှင့် ရင်သားကြီးသူများသည် ဆွဲကြိုးတွေကို ဝတ်ဆင်မယ်ဆိုရင် လိုက်ဖက်မှုမရှိပါ။ လည်ပင်းတိုတဲ့သူတွေသည် ဆွဲကြိုးတွေနဲ့လိုက်ဖက်မှုမရှိသော်လည်း မေးစေ့နဲ့ရင်အသားအကြားမှာ နေရာသိပ်မယူတဲ့ ဆွဲကြိုးသေးသေးမျှင်မျှင်လေးတွေနဲ့တော့ လိုက်ဖက်ပါတယ်။ ရင်သားကြီးသူတွေအနေနဲ့ ဆွဲကြိုးဆွဲရာတွင် ရင်သားအောက်ထိရှည်တဲ့ဆွဲကြိုးရှည်တွေကို ဝတ်ဆင်မယ်ဆိုရင် ဆွဲကြိုးပုံပျက်သွားနိုင်သောကြောင့် ရင်သားအပေါ်ထိသာရှည်သည့် ဆွဲကြိုးမျိုးကို ဝတ်ဆင်သင့်ပါသည်။ ရင်သားပြားတဲ့သူတွေအနေနဲ့တော့ ဆွဲကြိုးကဘယ်လောက်ရှည်ရှည် ဝတ်ဆင်လို့ရပါသည်။ လည်ပင်းရှည်သူတွေဟာ ဘယ်ဆွဲကြိုးနဲ့မဆို လိုက်ဖက်နေသလို လည်ပင်းနဲ့ကပ်နေတဲ့ ဘယက်၊ ဆွဲကြိုးတွေအပြင် ဆွဲကြိုးခပ်ရှည်ရှည်နဲ့ပါလိုက်ဖက်ပါသည်။ လည်ပင်းနဲ့ကပ်နေတဲ့ ဆွဲကြိုးသေးသေးမျှင်မျှင်ဆွဲပါက လည်ပင်းရှည်သူများအနေနဲ့ လိုက်ဖက်မှုမရှိသောကြောင့် အလှအပများပျက်သွားနိုင်သည်။ လည်ပင်းရှည်သူတွေသည် လည်ပင်းအဝိုင်းပုံစံအင်္ကျီကို ညှပ်ရိုးအရှည်လောက်ရှိတဲ့ ဆွဲကြိုးခပ်ကြီးကြီးနဲ့ တွဲဖက်ဝတ်ဆင်ပါက အလွန်ကိုလိုက်ဖက်ပါသည်။

အမျိုးသမီးများ လည်ပင်းအပိတ်အင်္ကျီများဝတ်ဆင်ပြီး ဆွဲကြိုးဆွဲမယ်ဆိုရင် အဲ့ဒီအင်္ကျီအပေါ်မှာ ဆွဲကြိုးလေးက ကြွရွနေပါသည်။ လည်တစ်ဝိုက်စာ ဆွဲကြိုးတိုတိုလေးကို ဆွဲမယ်ဆိုရင်တော့ လည်ပင်းအရိုးအောက်လောက်ထားပြီး ဝတ်ဆင်ခြင်း၊ အင်္ကျီလည်ပင်းအပိတ်ပေါ်မှာ ထားပြီးဝတ်ဆင်ခြင်းသည် လည်ဆွဲလေးကို မြင်သာစေပြီး ဆင်မြန်းထားသူရဲ့ အလှကိုပိုမိုပေါ်လွှင်စေပါသည်။ ဆွဲကြိုးတိုတိုလေးတွေဆွဲကြတဲ့အခါ မျက်နှာနဲ့ဝေးလွန်းစွာဆင်မြန်းထားခြင်းမျိုးကိုရှောင်ရှားသင့်ပါတယ်။ ဆွဲကြိုးလေးရဲ့ ကျောက်မျက်ရတနာလေးတွေက လူရဲ့အလှကို ပိုမိုဝင့်ထည်တောက်ပြောင်စေတာကြောင့်ဖြစ်ပါတယ်။ လည်ဆွဲဆွဲခြင်းသည် မြင်သာလှပစေဖို့ဖြစ်ပြီး ဖုံးကွယ်နေဖို့မဟုတ်ဘူးဆိုတာ နားလည်စေလိုပါသည်။ အင်္ကျီလည်ဟိုက်များဝတ်ဆင်ခြင်းသည် လည်ဆွဲလှလှလေးတွေ ဝတ်ဆင်နိုင်ဖို့ စိတ်ကူးကောင်းများရရှိစေပါသည်။ ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်မှုရှိရအောင် အကောင်းဆုံးနှင့် အလွယ်ကူဆုံးမှာ Chokers များကို အသုံးပြုဝတ်ဆင်ခြင်းဖြစ်သည်။ လည်ပင်းကပ်ဝတ်ရသော Chokers များကို ဒီဇိုင်းပုံစံအမျိုးမျိုး ထုတ်လုပ်ထားသောကြောင့် ပွဲလမ်းသဘင်တတ်ရောက်သည့်အခါတွင်လည်း အခက်အခဲမရှိ အသုံးပြုနိုင်ပါသည်။ Chokers ဒီဇိုင်းများသည် ၂၁ရာစုမှာအလွန်ခေတ်စားလာပါသည်။ ခေတ်ဆန်တဲ့ ဒီဇိုင်းလေးဖြစ်သောကြောင့် ဘယ်သူဝတ်ဝတ်လိုက်ဖက်မှုရှိနေပါသည်။  ဝတ်ဆင်တဲ့အခါမှာလည်း ကိုယ်နှင့်သင့်တော်မှုရှိအောင် ဘယ်လိုဝတ်ဆင်ရလဲဆိုတာကိုလည်း ပြေပြပေးပါ့မယ်။ လည်ပင်းတိုတဲ့သူတွေအနေဖြင့် ပါးလွှာသည့် Choker များကို ဝတ်ဆင်ခြင်းဖြင့် ပိုမိုလိုက်ဖက်မှုရှိပြီး လည်ပင်းရှည်တဲ့သူတွေကတော့ ထူသည့် Choker များကို ဝတ်ဆင်ခြင်းသည် ပိုမိုလိုက်ဖက်မှုရှိပါသည်။ Chokers ဒီဇိုင်းများအစုံအလင်ရှိသောကြောင့် ကိုယ်နှင့်လိုက်ဖက်သည့် ဒီဇိုင်းများကို သေချာစဉ်းစားပြီး ရွှေချယ်ဝတ်ဆင်သင့်ပါသည်။ စတစ်ကာပါသော တီရှပ်များကို ဝတ်ဆင်လျှင် ပါးလွှာပြီး ရိုးရှင်းသော Choker ဒီဇိုင်းများကို ဝတ်ဆင်သင်သလို အနက်ရောင်တီရှပ်နဲ့ဝတ်ဆင်ပါက အသေးစိတ်ဒီဇိုင်းနှင့် Choker က ဝတ်စုံရဲ့အသွင်ကို ပြောင်းလဲစေနိုင်ပါသည်။ မိမိဝတ်ဆင်ထားသည့် အဝတ်အစားပေါ်မူတည်ပြီး လိုက်ဖက်လှသော Choker များကို ရွေးချယ်ခြင်းသည် လှကစွဲမက်ဖွယ်ကောင်းသော အသွင်ကို ပေးစွမ်းနိုင်ပါသည်။

၁၆လက်မနှင့် ၁၈လက်မ အရှည်ဆွဲကြိုးလေးတွေကို ဝတ်ဆင်မယ်ဆိုရင် ဆွဲသီးလေးနဲ့တွဲဖက်ဝတ်ဆင်နိုင်သောကြောင့် ကိုယ်ဝတ်ထားတဲ့ ဆွဲသီးလေးလဲပေါ်လွှင်နေမှာဖြစ်ပါတယ်။ ဆွဲသီးလှလှလေးတွေပေါ်လွှင်ပြီး ရွှေချိန်နဲနဲပဲလိုချင်ရင်တော့ ၁၆လက်မနှင့် ၁၈လက်မလေးတွေ ဝတ်ဆင်နိုင်ပါသည်။ ဆွဲကြိုးအရှည်ကြိုက်တဲ့သူများသည် ၂၀လက်မအထက်ရှိသော ဆွဲကြိုးလေးတွေကို ဝတ်ဆင်သင့်ပါသည်။ အဲ့ဒီအရှည်များသည် ခေါင်းစွတ်ပြီးဝတ်ဆင်လို့ရပါသည်။ ၃၀လက်မထက်ရှည်သောဆွဲကြိုးများသည် ရွှေစုချင်တဲ့သူများဝတ်ဆင်နိုင်သလို အဲ့အရှည်ကို နှစ်ခေါက်ခေါက်ပြီး နှစ်ထပ်ပုံစံလေးနဲ့လဲဝတ်ဆင်နိုင်ပါသည်။ ပုတီးစေ့လေးတွေနဲ့ ပေါ့ပါးတဲ့ဒီဇိုင်းလေးဆိုရင် မျက်နှာဝိုင်းပြီး လည်ပင်းတိုတဲ့သူတွေဝတ်ဆင်ရင် ပိုပြီးအဆင်ပြေပါတယ်။ ဤအချက်သည် ဝိုင်းနေတဲ့မျက်နှာလေးကို ရှည်သွယ်တဲ့ ပုံစံဖြစ်ပေါ်သောကြောင့်ဖြစ်ပါသည်။ လည်တံရှည်တဲ့ အမျိုးသမီးတွေသည် ဆွဲကြိုးတိုတိုလေးတွေကို ဝတ်ဆင်ခြင်းဟာ ပိုမိုဆွဲဆောင်မှုဖြစ်စေပြီး အလှကျက်သရေကိုတိုးစေပါတယ်။ ဖန်စီဆန်တဲ့ဒီဇိုင်းလေးတွေကိုတော့ ခေတ်လူငယ်လေးတွေဝတ်ရင် ပိုပြီးတော့လိုက်ဖက်စေပါတယ်။ အမျိုးသမီးတွေအနေနဲ့ နေရာဒေသကိုလိုက်ပြီး ဝတ်ဆင်ရမယ့် ဖက်ရှင်ဒီဇိုင်းကိုသိရှိနားလည်ထားခြင်းသည် မိမိနှင့်လိုက်ဖက်သော ပစ္စည်းလေးတွေကို ရွေးချယ်ရာတွင် မှန်ကန်ထိရောက်မှုရှိစေတာအမှန်ဖြစ်ပါသည်။