စိန်အကြောင်းသိကောင်းစရာ, ဆောင်းပါး, ပညာရေး

ကမ္ဘာကျော်စိန်များ သမိုင်း

World Famous Diamond-

နှစ်ပေါင်းများစွာကတည်းက စိန်ကို စတင်တွေ့ရှိကြသူများမှာ ဂရိလူမျိုးများ ဖြစ်ကြသည်။ စိန် ဟူသောဝေါဟာရမှာ ဂရိဘာသာစကား ” Adamas ” မှ ဆင်းလာခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ” ဖြိုခွင်းဖျက်စီး၍မရသော ” လို့ ဆိုလိုကြသည်။

ကူလီနန်စိန် 
စိန်ကို ရှေးယခင်ကတည်းက စတင်တွေ့ရှိခဲ့ကြသလို တွေ့ခဲ့သမျှ စိန်များထဲတွင် အလေးချိန် ၃၁၀၆ ကာရက်ရှိသည့် ကမ္ဘာ့အကြီးဆုံးနှင့် အရည်အသွေး အကောင်းဆုံးသော စိန်ကြီးတစ်တုံးကို ၁၉၀၅ ခုနှစ်တွင် ပရီးမီးယားစိန်တွင်းမှထုတ်ယူရရှိခဲ့သည်။ ၎င်း စိန်ကြီးသည် တစ်နေ့သော ညနေဆည်းဆာချိန်တွင် တောင်အာဖရိကရှိ “ပရီးမီးယားစိန်တွင်း” ၏ နံရံ၌ တောက်ပစွာ ပေါ်ထွက်နေသည်ကို တွေ့သည်။တွေ့ရှိသူမှာ စိန်တွင်း အင်စပက်တာ ကပ္ပတိန်ဝဲလ် ဆိုသူ ဖြစ်သည်။ သို့သော် စိန်တုံးကြီး၏ အမည်ကို စိန်တွင်းဥက္ကဋ္ဌအမည် ” ကူလီနန် ” ဟု မှည့်ခေါ်ထားခဲ့သည်။ ထိုစိန်ကြီးအား ခွဲစိတ်ဖြတ်တောက်ပြီးသည်အထိပင် ငွေသန်းပေါင်းမျာစွာ တန်သည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် စိန်တုံးတစ်ခုလုံး၏ အရွယ်အစားနှင့် အရည်အသွေးကိုမူ တန်ဖိုးမဖြတ်နိုင်ကြပါ။ ကူလီနန်သည် အလေးချိန် တစ်ပေါင်ခွဲလောက် လေးသောကြီးမားသည့် စိန်တုံးကြီး ဖြစ်သလို အပြစ်အနာအဆာ မရှိလောက်အောင် အဘက်ဘက်မှ သန့်စင်နေသော စိန်ကြီး ဖြစ်သည်။ စိန်အလုံးတစ်ရာလျှင် တစ်လုံးတစ်လေမျှပင် ခြောက်ပြစ်သလဲ ကင်းစင်သော စိန်မျိုးကို တွေ့နိုင်ခဲပါသည်။ နဂိုထက် ဆယ်ဆကြီးပြီး မြင်နိုင်သည့် မှန်ဘီလူးဖြင့် ကြည့်သည့်အခါ အပြစ်အနာအဆာ မတွေ့ရသည့်စိန်ကို ခြောက်ပြစ်ကင်းစိန် ဟုခေါ်ကြသည်။ တူးဖော်ရရှိသည့် စိန်များ အနက် ၈၀ ရာခိုင်နှုန်းခန့်မှာ အသားမကောင်းခြင်း၊ အနာအဆာမလွတ်ခြင်း၊ အရောင်အသွေးညံ့ခြင်း စသည်တို့ကြောင့်အဆင်တန်ဆာ ရတနာအဖြစ် အသုံးမပြုနိုင်ဘဲ ရှိကြသည်။ ကူလီနန်စိန်ကြီးမှာ အဘက်ဘက်က အရည်အသွေးကောင်းမွန်သော စိန်မျိုးဖြစ်ပြီး ကမ္ဘာတွင် ရှားပါးအမျိုးအစားဖြစ်သည်။

အိတ်ဆယ်စီယာစိန်
ကမ္ဘာ့ဒုတိယအကြီးဆုံးစိန်မှာ ” အိတ်ဆယ်စီယာ” ခေါ် ၉၇၀ ကာရတ်လေးသည့် စိန်တုံးဖြစ်သည်။ ၁၈၉၃ ခုနှစ်တွင် ” ဂျက်ဂါဖောင်တိန် ” စိန်တွင်းမှ တူးဖော်ရရှိခဲ့သည်။

ကိုဟီနူးစိန်
ကိုဟီနူးစိန်သည် အင်္ဂလန်ပြည့်ရှင် နန်းစဉ်ရတနာတစ်ခု ဖြစ်သည်။ ကိုဟီနူးစိန်ကို လွန်ခဲ့သည့် နှစ်ပေါင်းငါးထောင်ကျော်က တွေ့ရှိခဲ့သည်ဟု ယုံကြည်နေကြသည်။ ကိုဟီနူးကို တွေ့ရှိရသည့် နေရာမှာ အိန္ဒိယနိုင်ငံ ဂေါ်စေရီ မြစ်ကမ်းဟု ဆိုကြသည်။ ယင်း စိန်ကြီးမှာ ကမ္ဘာတွင် ပထမဦးဆုံး တွေ့ခဲ့ရသည့် သမိုင်းဝင်စိန်ကြီးဟု ဆိုနိုင်ပေသည်။ ယင်းစိန်ကြီးမှာ လူအမျိုးမျိုး၏ လက်ထဲသို့ အဆင့်ဆင့်လက်ပြောင်းခဲ့ပြီး ပိုင်ဆိုင်သူတို့အား မကောင်းကျိုးကိုသာပေးခဲ့သဖြင့် ကြမ္မာဆိုးဆောင်ယူလာသောစိန်ဟု သတ်မှတ်ထားကြသည်။

ရီဂျင့်စိန်
ကူလီစိန်ကြီးကို မတွေ့ရသေးမှီ အချိန်အထိ ရီဂျင့်စိန်သည် ကြီးမား၍ ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းမွန်ဆုံးစိန်ကြီးတစ်ခုအဖြစ် တည်ရှိခဲ့သည်။ ရီဂျင့်သည် စိန်ရိုင်းအနေဖြင့် ၄၁ဝ ကာရတ် လေးသည်။ ၁၇ဝဝ ခုနှစ်တွင် မာစူလီပါတန်နှင့် ၁၉ မိုင်ကျော် ဝေးသောနေရာမှ အိန္ဒိယနိုင်ငံသားတစ်ဦးက ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ပြင်သစ်နန်းစဉ်ရတနာတစ်ခုလည်း ဖြစ်သည်။ ရီဂျင့်စိန်ကို ” ပစ်စ် ” စိန်ဟူ၍လည်း ခေါ်ကြသေးသည်။

စိန်ပြာ
အင်္ဂလိပ်တို့၏ အခေါ်ဖြင့် Blue Diamond စိန်ပြာကိုလည်း အိန္ဒိယနိုင်ငံမှပင် ရရှိခဲ့သည်။ ၁၄ ဆက်မြောက် လူဝီဘုရင်ထံသို့ ရောက်သောအချိန်ကပင် စိန်ရိုင်းအတိုင်း ၁၁၂ ကာရတ် ခွဲ လေးသည်။ ခွဲစိတ် ဖြတ်တောက်သွေးပြီးသောအခါ ၆၇ ကာရတ်ခွဲသာ ကျန်တော့သည်။အရောင်မှာ လှပသောအပြာရောင် ဖြစ်သည်။ အလွန်မှ လှပသောအရောင်အသွေးမျိုး ဖြစ်သည်နှင့်အမျှ ပိုင်ဆိုင်သူတို့အား အလွန်ဆိုးကျိုးပေးသော စိန်ဟု ဆိုကြသည်။ ပြင်သစ်နန်းစဉ်ရတနာတစ်ခုပင် ဖြစ်ပါသည်။

ဂရိတ်မဂို
ဂရိတ်မဂိုအမည်ရှိ စိန်ကြီးသည် အထူးအံသြလောက်အောင် တောက်ပဖြူစင်သော စိန်ကြီးဖြစ်သည်။ ဂရိတ်မဂိုစိန်ကြီး၏ ကာရတ်ချိန်မှာ ၂၈၀ ရှိသည်ဟု မှတ်တမ်းတချို့တွင် တွေ့ရသည်။

ဂျောင်ကာစိန်
တခြား နာမည်ကြီးသော စိန်မှာ ဂျောင်ကာ ( Jonker ) ဟု အမည်တွင်သော စိန် ဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် ဂျောင်ကာဟု ခေါ်ကြသော ဆင်းရဲသားတစ်ဦးက ” အီလန်ဖောင်တိန် “ရပ်ကွက်မှ ရှာဖွေတွေ့ရှိခဲ့သည်။ အလေးချိန်မှာ ၇၂၆ ကာရတ်လေးသည်။ ပုံသဏ္ဍာန်မှာ ” ကူလီနန် ” စိန်ကြီးနှင့် ဆင်တူသည်။