ဆောင်းပါး, ပြည်တွင်းသတင်း

၂ဝ၁၉ ရွှေဈေးကွက် ဘယ်ကိုဦးတည်နိုင်မလဲ?

Gold and Investment

မြန်မာ့ စီးပွားရေးအခြေအနေကလည်း အိပဲ့အိပဲ့နဲ့ ရွှေ့လျားလာလိုက်တာ အခုဆို ၂၀၁၉ ခုနှစ်တောင် ရောက်ခဲ့ပါပြီ။ နှစ်တစ်နှစ် ပြန်စပြီ ဆိုတာနဲ့ သူသူကိုယ်ကိုယ် အကောင်းတွေကို မျှော်လင့်တတ်ကြတာ ဓမ္မတာပါပဲ။ ဝန်ထမ်းကလည်း ဝန်ထမ်းအလျောက်၊ လုပ်ငန်းရှင်ကလည်း လုပ်ငန်းရှင်အလျောက် အမြတ်အစွန်း၊ ဝင်ငွေ ပိုမိုတိုးတက်လာဖို့ မျှော်လင့်တတ်ကြပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ ရွှေလုပ်ငန်းလည်း တစ်ခုအပါအဝင်ပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ဒေါ်လာဈေး အလှုပ်အခတ်အရမ်းများခဲ့သလို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှုအခြေအနေကလည်း ထင်သလောက် မရှိခဲ့တဲ့အတွက် လုပ်ငန်းရှင်တွေအကြား ညီးတွားမှုများခဲ့တဲ့ နှစ်ဖြစ်ခဲ့ရပါတယ်။

ရွှေလုပ်ငန်းကဏ္ဍမှာလည်း ၂၀၁၈ ခုနှစ်အတွင်း ရွှေအရောင်းအဝယ်ဈေးကွက်အခြေအနေက ရှေ့နှစ် ၂၀၁၇ ကထက် လျော့ကျခဲ့တဲ့အတွက် အခု ၂၀၁၉ နှစ်သစ်မှာ ပိုမို ကောင်းမွန်လာဖို့ မျှော်လင့်နေကြပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုနဲ့ အတူ ရွှေဈေးပါ စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် ဝယ်လိုအား သိသိသာသာကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းစီးပွားရေး အခြေအနေကလည်း ထင်သလောက် မကောင်းတဲ့ အခါကျတော့ အလှတန်ဆာ အဖြစ်သာ ဝတ်ဆင်ကြတဲ့ ရွှေထည်တွေကို ဝယ်ယူဖို့ တွန့်ဆုတ်ခဲ့ ကြတာလည်းမဆန်းပါဘူး။ ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားဘဏ်တွေ လုပ်ငန်းလည်ပတ်လာဖို့ ရှိသလို ဒီအကျိုးဆက်ကြောင့် ဒေါ်လာဈေးလည်း တည်ငြိမ်သွားနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒေါ်လာဈေး တည်ငြိမ်လာရင် ရွှေဈေးလည်း ပြန်လည်ကျဆင်းလာမှာ ဖြစ်ပြီး ရွှေဈေး ကျဆင်းလာတာနဲ့အမျှ ရွှေဝယ်ယူလိုတဲ့ ပြည်သူတွေကိုလည်း ပိုမိုဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေလုပ်ငန်းရှင်တွေ အကြား ရွှေဈေးကွက်ကြီးတစ်ခုထူထောင်ဖို့လည်း ကြိုးပမ်းနေပြီး ရွှေဈေးကွက် ထူထောင်ပြီးစီးရင် တစ်နိုင်ငံလုံးမှာရှိတဲ့ တရားဝင်ရွှေဈေးနှုန်းတွေ တူညီသွားမှာ ဖြစ်သလို ရွှေဈေး အတက်အကျကြမ်းမှုတွေကိုလည်း တားဆီးပေးနိုင်လာမှာ ဖြစ်ပါတယ်။

ဒီလို ရွှေဈေးနှုန်း တည်ငြိမ်သွားမှုက ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်တဲ့ နည်းတစ်ခုဖြစ်သလို နောက်တစ်ခုကတော့ ဒီဇိုင်း ဖြစ်ပါတယ်။ ၂၁ ရာစု ကာလကို ရောက်လာတာနဲ့ အမျှ နည်းပညာတွေ ပိုမိုထွန်းကားလာသလို လူတွေရဲ့ အမြင် တွေကလည်း ပြောင်းလဲလာပါတယ်။၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွေက ရွှေဆိုရင် ရွှေထည်ကြီးကြီး၊ လေးလေးကိုမှ ပြူးနေအောင် ဝတ်ဆင်လေ့ ရှိကြပေမယ့် ယခုခေတ် ကာလကတော့ ဒါတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်လာပါတယ်။ ရွှေထည်ကြီးကြီးကို ကြိုက်နှစ်သက်ကြသူ တချို့ရှိနိုင်ပေမယ့် အများစု ကတော့ ရွှေထည်ပါးပါးနဲ့ ရောယှက်အလှဆင်ထားတာ၊ ဒီဇိုင်းဆန်းတာ၊ ရွှေထည်ပေါ်မှာ ကိုယ်နဲ့ ပတ်သက်တဲ့အမှတ်တရတစ်ခုကို ရေးထိုးတတ်တာစတာမျိုးတွေကိုမှ အလိုရှိလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွှေလုပ်ငန်း အသိုင်းအဝိုင်းမှာလည်း ခေတ်စနစ်၊ အချိန်ကာလနဲ့လိုက်လျောညီထွေတဲ့ ဒီဇိုင်းတွေ၊ ရွှေထည်တွေကို ဖန်တီးပေးနိုင်ဖို့ကလည်း အရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါတယ်။

အရင်ခေတ် ကာလက ငွေပိုငွေလျှံရှိပြီဆိုရင် ဖက်ရှင်သဖွယ် ဝတ်ဆင်ဖို့ကိုသာ ပိုမို အသားပေးလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်အတွင်းမှာ ရွှေဈေး တည်ငြိမ်ပြီး ဒီဇိုင်းဆန်းတဲ့ ရွှေထည်တွေ ပိုမိုဖန်တီးလာနိုင်တာနဲ့အမျှ ရွှေဈေးကွက် အခြေအနေကလည်း ပိုမို တိုးတက်လာလိမ့်မယ်လို့ ရွှေလုပ်ငန်းရှင်တွေက ယုံကြည်ထားကြပါတယ်။ တစ်ဖက်ကလည်း ပြည်သူတွေရဲ့ နေ့စဉ် ဝင်ငွေတိုးတက်လာဖို့ အလုပ်အကိုင်တွေ ကောင်းဖို့တွေလည်းရှိသေးတာပေါ့။ ဒါတွေလည်း အရင်နှစ်ကထက် ပိုမို ကောင်းမွန်လာဖို့ ယူဆထားကြပါတယ်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ပြောကြားချက်အရလည်း ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာနေဆဲ ဖြစ်တာကြောင့် အကောင်းဘက်က မျှော်လင့်လို့ ရပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ် အတွက် ရွှေဈေးကွက်အခြေအနေကို ခြုံငုံရရင်တော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကထက် အကောင်းဘက်ကို ဦးတည်လာနိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။