ဆောင်းပါး, ပညာရေး, ရွှေအကြောင်းသိကောင်းစရာ

ရွှေနှင့် ဗဟုသုတ အကျဉ်း

Gold Knowledge

မြန်မာနိုင်ငံမှာ ‘ ရွှေ ‘ဆိုတာ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးသော ဝတ်ဆင်ရန် အတင့်တယ်ဆုံးသော အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်သော်လည်း ရွှေအကြောင်းကို သေချာနားလည်ပြီး စု၊ ဝယ်၊ ရောင်းသူများမှာတော့ လူနည်းစုသာဖြစ်တယ်။ ဒါ့ကြောင့် ရွှေချစ်သူတွေအတွက် မဖြစ်မနေ သိသင့်သိထိုက်တဲ့ ဗဟုသုတလေး တချို့ မျှဝေပေးလိုက်ပါတယ်။

ရွှေရဲ့ ဓာတုဗေဒ သင်္ကေတမှာ Au ဖြစ်ပြီး ရွှေကို အစိုင်အခဲအသွင်နဲ့ တွေ့ရတယ်။ ရွှေဟာ တခြားသတ္တုတွေထက်ပျော့ပျောင်းပြီး နန်းဆွဲဖို့ အကောင်းဆုံးသော သတ္တုဖြစ်တယ်။ ရွှေရဲ့ အရောင်ကတော့ တောက်ပတဲ့အဝါရောင်စစ်စစ်ဖြစ်ပြီးမှေးမှိန်သွားခြင်း မရှိပါဘူး။ ရွှေရဲ့အရည်အသွေးကိုတော့ မြန်မာမှာ ” ပဲရည် “နဲ့တိုင်းတာပြီး ကမ္ဘာမှာ ကာရက်နဲ့တိုင်းတာကြပါတယ်။ ရွှေကို သံကလိုရိုဒ်၊ ကြေးကလိုရိုဒ်၊ သံဆာလဖိုဒ်၊ ကြေးဆလာဖိုဒ် တို့နဲ့တွဲပြီးတွေ့ရလေ့ရှိတာကြောင့် ငရဲမီးနဲ့ အပူပေးပြီး ပျော်ဝင်သတ္တုတွေကို ပယ်ဖျက်ရင်တောင်မှ ရွှေ ၁၀၀ ရာခိုင်နှုန်း ပါဝင်မှုရှိတဲ့ ရွှေကိုတော့ မရရှိနိုင်ပါဘူး။ ” ပဲရည် “များလေ ရွှေအရည်အသွေးကောင်းလေ ဆိုကြပေမဲ့ ရွှေဆိုင်တွေမှာ လက်ဝတ်ရတနာတွေ ရွှေထည်တွေလုပ်ရင် ဘာလို့ ပဲရည် အမြင့်ဆုံးရွှေနဲ့ မလုပ်ကြတာလဲ ?

ရွှေအရည်အသွေး အကောင်းဆုံးကတော့ ၁၆ ပဲရည် ( 24 Karat ) ရှိတဲ့ အခေါက်ရွှေဖြစ်ပြီး ၉၉.၅ ရာခိုင်နှုန်း ရွှေပါဝင်ပါတယ်။ အခေါက်ရွှေဟာ အသန့်စင်ဆုံးသော ရွှေဖြစ်ပြီး အပျော့ပျောင်းဆုံးဖြစ်တာကြောင့် ရွှေထည်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေ ပြုလုပ်ဖို့ မသင့်တော်ပါဘူး။ ရွှေစုသူတွေ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ ရွှေဈေးတက်ရင် တက်သလောက်ပြန်ရသော အကောင်းဆုံးသော ရွှေမှာ အခေါက်ရွှေဖြစ်တယ်။

၁၅ ပဲရည် ( 23 Karat ) ရှိတဲ့ ရွှေဟာ ဒုတိယအရည်အသွေးအကောင်းဆုံးဖြစ်ပြီး ၉၆ ရာခိုင်နှုန်းဝန်းကျင် ပါဝင်သော ရွှေဖြစ်ပါတယ်။ ၁၅ ပဲရည် ရွှေဟာ ရွှေထည်ပစ္စည်းအတွက် အများဆုံးအသုံးပြုပြီး ကျောက်ထည်များ လုပ်သည့်အခါ အသုံးပြုသည့်ရွှေ အရည်အသွေးမဟုတ်ပါ။ အဓိက အကြောင်းအရာကတော့ ၁၅ ပဲရည်ကို ကျောက်အိုးလုပ်သည့်အခါ အလွန်ပျော့သောကြောင့် ကျောက်များ လွင့်စင်ခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်နိုင်သည့်အတွက်ကြောင့်ပါ။ ၁၅ ပဲရည်ဟာ ကျောက်ထည့်ပြီး ဝတ်ဖို့ သင့်လျော်တဲ့ ရွှေမဟုတ်ပါဘူး။

၁၄ ပဲ၂ ပြားရည် ( 22 Karat ) ရှိတဲ့ ရွှေမှာဆိုရင် ရွှေပမာဏ ၉၀ ရာခိုင်နှုန်း ကျော်ဝန်းကျင် ပါဝင်ပြီး ရွှေထည်ပစ္စည်းတွေလုပ်ဖို့တော့ သိပ်မသင့်လျော်လှပါဘူး။ 22 K Quality ရွှေရည်ဟာ ကျောက်စထည့်ပြီး လုပ်သင့်သည့်အနေအထားတစ်ခု ဖြစ်ပါသည်။ သို့သော်လည်း စိန်ထည့်ရန် မသင့်တော်ပေ။ ၁၂ ပဲရည်၊ ၁၃ ပဲရည် ( 18 Karat ) ရှိတဲ့ ရွှေမှာ ၇၅ရာခိုင်နှုန်းသော ရွှေပါဝင်ပြီး ကျောက်ထည်လက်ဝတ်ရတနာတွေ ပြုလုပ်ဖို့ အသင့်လျော်ဆုံးပါပဲ။