ကျောက်မျက်အကြောင်းသိကောင်းစရာ

နေ့နံအလိုက်ဝတ်ဆင်သင့်သော အဆောင်ယတြာကျောက်များ

gemstoneaccrodingtodayofbirth

ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ (၇)ရက်သား/သမီးများ၏ ဆောင်ရမည့်ကျောက်မျက်ရတနာများနဲ့အတူ မိမိဆောင်သင့်သည့် ကျောက်မျက်ရတနာအား တွဲဖတ်မဝတ်ဆင်သင့်သည့် ရှောင်ရန်အရာများကို လေ့လာသိမှတ်သမျှ ဖော်ပြပေးလိုက်ပါတယ်                   

တနင်္ဂနွေသားသမီးများ၏ အဓိကအဆောင်ရတနာမှာ ပတ္တမြားဖြစ်ပြီး အခြားသော ပတ္တမြား၊ ထပ်တစ်ရာတို့ကိုလည်း ဆောင်နိုင်ပါသည်။ အဓိကအဆောင်ရတနာဖြစ်တဲ့ ပတ္တမြား၏ အကျိုးပေးပုံ သိမှတ်သမျှကို ဝေမျှပေးလိုက်ပါတယ်။ ပတ္တမြား၏ စိုးမိုးဂြိုလ်မှာ တနင်္ဂနွေဂြိုလ် ဖြစ်သည့်အတွက်ကြောင့် တနင်္ဂနွေသားသမီးများအနေဖြင့် ပတ္တမြားအား ဝတ်ဆင်ခြင်းဖြင့် အကျိုးထူးကို ခံစားရပါလိမ့်မည်။ အတိုက်ခိုက်ဆိုးများနှင့် ကြုံလာသောအခါတွင်လည်း ပတ္တမြားအားဝတ်ဆင်ခြင်းဖြင့် ကံတရား၏ အထောက်အပံ့ပေးမှုကို ရရှိပါလိမ့်မည်။ တနင်္ဂနွေဂြိုလ်သည် တနင်္လာဂြိုလ်နှင့် မိတ်ဖတ်ဖြစ်၍ တနင်္လာဂြိုလ်၏ အဆောင်ရတနာဖြစ်သော ပုလဲနှင့်တွဲဖတ်ဝတ်ဆင်ခြင်းဖြင့် ပို၍အကျိုးထူးပါလိမ့်မည်။ ပတ္တမြားအားဝတ်ဆင်ခြင်းဖြင့် ကံကောင်းခြင်း၊ အသက်ရှည်ခြင်း၊ အဖဖြစ်သူကျန်းမာခြင်း၊ ဥစ္စာဓနကြွယ်ဝခြင်း၊ ဉာဏ်ပညာထက်မြက်ခြင်း၊ မေ့လျော့ခြင်းအား သက်သာစေခြင်း၊ အစိုးရအကြီးကဲမှ ဂုဏ်ပြုခံရခြင်း၊ လက်အောက်ငယ်သားရိုသေခြင်း စသည့်အကျိုးကျေးဇူးများ ခံစားရပါလိမ့်မည်။ တနင်္ဂနွေသားသမီးများသည် ပတ္တမြားကို စိန်၊ နီလာ၊ ဂေါ်မိတ်၊ ကြောင်တို့နှင့် ယှဉ်တွဲ၍ မဝတ်ဆင်သင့်ပါ။ 

 တနင်္လာသားသမီးများ၏ အဓိကအဆောင်ရတနာမှာ ပုလဲဖြစ်ပြီး တခြားသောရတနာများဖြစ်တဲ့ မျော၊ သလင်း၊ ပုံဆောင်ခဲ တို့ကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ ရတနာ တစ်မျိုးစီ၏ အကျိုးပေးသက်ရောက်မှုကတော့ တူညီမည်မဟုတ်ပါ။ အဓိကအဆောင်ရတနာဖြစ်တဲ့ ပုလဲ၏အကျိုးပေးပုံကို လေ့လာမိသလောက်ကို ဖော်ပြပေးထားပါတယ်။ ပုလဲ၏စိုးမိုးဂြိုလ်မှာ တနင်္လာဂြိုလ်ဖြစ်သည့်အတွက်ကြောင့် တနင်္လာသားသမီးများသည် ပုလဲကို ဝတ်ဆင်ပါက ကောင်းကျိုးများကိုပေးစွမ်းနိုင်ပါသည်။ မိမိ၏ကံဇာတာညံ့၍ အမြင်ယှဉ်ဆိုးများနှင့် ကြုံလာရသောအခါတွင်လည်း ဆိုးကျိုးများကို ချေဖျက်နိုင်စွမ်းရှိပါသည်။ အောင်မြင်ခြင်းအမှုသို့ရောက်ရန် အခက်အခဲအတားအဆီးရှိပါက ထိုအခက်အခဲများအား ရှင်းလင်းဖယ်ရှားနိုင်ပါသည်။ တနင်္လာဂြိုလ်သည် အင်္ဂါဂြိုလ်နှင့် မိတ်ကျသဖြင့် အင်္ဂါဂြိုလ်၏ရတနာဖြစ်သော သန္တာကျောက်နှင့် ဝတ်ဆင်ပါက ပို၍အကျိုးဖြစ်ထွန်းပါမည်။ ပုလဲကိုဆောင်ယောင် ဝတ်ဆင်ခြင်းဖြင့် စိတ်၏ အေးချမ်းခြင်း၊ အမိထံမှ ပျော်ရွှင်မှုတို့ကို ရရှိခြင်း၊ အုပ်ချုပ်ရေး၌ အောင်မြင်ခြင်း၊ မြေယာ ဝင်ခြင်း၊ အလုပ်အကိုင်နာမည်ဂုဏ်သတင်း ကျော်ကြားခြင်း၊ အစိုးရထံမှ ဂုဏ်ပြုခြင်း စသည့်အကျိုးတို့ကို ခံစားရနိုင်သည်။ တနင်္လာသားသမီးသည် ကျန်းမာရေးညံ့နေမည်ဆိုပါက ပုလဲအားအဆောင်အနေနှင့် ဝတ်ဆင်ပေးလျှင် ကံတရား၏အထောက်အပံ့ကို ရရှိစေပါလိမ့်မည်။ ပုလဲကို မြ၊ စိန်၊ နီလာ၊ ဂေါ်မိတ်၊ ကြောင်တို့ဖြင့် ယှဉ်တွဲဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ 

အင်္ဂါသားသမီးများ၏ အဓိကအဆောင်ရတနာမှာ သန္တာကျောက်ဖြစ်ပြီး  အခြားရတနာများဖြစ်တဲ့ ပတ္တမြား၊ မြ၊ နီလာ၊ ကြို့ တို့ကို ဝတ်ဆင်နိုင်ပါသည်။ သန္တာကျောက်၏ စိုမိုးဂြိုလ်သည် အင်္ဂါဂြိုလ်ဖြစ်သည့်အတွက်ကြောင့် အင်္ဂါသား၊ သမီးများသည် သန္တာကျောက်အား ဝတ်ဆင်ခြင်းဖြင့် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်ပါသည်။ ခိုက်ရန်ဖြစ်ပွားမှုနှင့် ဘေးအန္တရာယ်များကြုံတွေ့လာပါက ဇာတာရှင်အား အကာအကွယ်ပေးပါသည်။ အင်္ဂါဂြိုလ်သည် ကြာသပတေးဂြိုလ်နှင့် မိတ်ဖတ်ဖြစ်သဖြင့် ကြာသပတေးဂြိုလ်၏ရတနာဖြစ်သော ဥဿဖယားနှင့် တွဲဖတ်ဝတ်ဆင်ခြင်းဖြင့် ပို၍အကျိုးပေးပါလိမ့်မည်။ သန္တာကျောက်ကို ဝတ်ဆင်ခြင်းဖြင့် အသက်ရှည်ခြင်း၊ အနာမဲ့ခြင်း၊ နာမည်သတင်းကျော်ကြားခြင်း၊ ဘဝ၏ စည်းစိမ်အမျိုးမျိုး ခံစားရခြင်း၊ သားသမီးရတနာပြည့်စုံခြင်း၊ အသိဉာဏ်ထက်မြက်ခြင်း၊ အလုပ်အကိုင်မှာ အထူးအောင်မြင်ခြင်း၊ အိမ်တွင်းရေးသာယာခြင်းတို့အပြင် ဇာတာရှင်သည် ကျောင်းသား၊ ကျောင်းသူများဖြစ်ပါက ဖြေဆိုထားသော စာမေးပွဲများ ထူးချွန်အောင်မြင်စေပါလိမ့်မည်။ သန္တာကျောက်ကို မြ၊ စိန်၊ နီလာ၊ ဂေါ်မိတ်၊ ကြောင်တို့နှင့် တွဲဖတ်ဝတ်ဆင်သင့်ကို ရှောင်ရှားသင့်ပါသည်။

ဗုဒ္ဓဟူးသားသမီးများ အဓိကအဆောင်ရတနာမှာ မြဖြစ်ပြီး အခြားသော ခရမ်းစွဲနှင့် ပတ္တမြားတို့ကိုလည်း ဆောင်ယောင်ဝတ်ဆင်နိုင်ပါသည်။ မြကျောက်၏စိုးမိုးဂြိုလ်မှာ ဗုဒ္ဓဟူးဂြိုလ်ဖြစ်သည့်အတွက် ဗုဒ္ဓဟူးသား၊ သမီးများသည် မြကျောက်ကို ဝတ်ဆင်ခြင်းဖြင့် အကျိုးစီပွားဖြစ်ထွန်းနိုင်ပါသည်။ ဗုဒ္ဓဟူးသည် အမြင်အယှဉ်ဆိုးခံရလျှင် မြကို ဝတ်ဆင်ခြင်းဖြင့် ဆိုးကျိုးများကို ချေဖျက်ကာကွယ်နိုင်ပါသည်။ ဗုဒ္ဓဟူးဂြိုလ်သည် စနေဂြိုလ်နဲ့မိတ်ဖက်ဖြစ်သဖြင့် စနေဂြိုလ်၏ ရတနာဖြစ်သော နီလာ၊ စိန်စသည်တို့နှင့် တွဲဖတ်ဝတ်ဆင်နိုင်ပါသည်။ မြကို ဝတ်ဆင်ခြင်းဖြင့် ဥစ္စာဓန၊ ပညာကျော်ကြားခြင်းတို့ကြောင့် အမြတ်အစွန်းများစွာ ရရှိခြင်း၊ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ ရာထူးတိုးခြင်း၊ အထက်လူကြီးက ဂုဏ်ပြုခံရခြင်း၊ နာမည်သတင်းကျော်ကြားခြင်း၊ ပျော်ရွှင်ခြင်း၊ ပညာရေးအောင်မြင်ခြင်း၊ အိမ်တွင်းသာယာချမ်းမြေ့ခြင်း စသည့်အကျိုးကျေးဇူးများ ခံစားရပါသည်။ မြကို ပုလဲ၊ သန္တာကျောက်တို့ဖြင့် ယှဉ်တွဲ၍ မဝတ်ဆင်သင့်ပေ။

ကြာသပတေးသားသမီးများ၏ အဆောင်ရတနာမှာ ဥဿဖယားဖြစ်ပြီး တခြားသော နီလာ၊ ကြောင် စသည့်ရတနာများကိုလည်း ဆောင်ယောင်ဝတ်ဆင်နိုင်ပါသည်။ ဥဿဖယား၏ စိုးမိုးဂြိုလ်မှာ ကြာသပတေးဖြစ်သည့်အတွက် ကြာသပတေးသား၊ သမီးများသည် ဥဿဖယားကို ဝတ်ဆင်ခြင်းဖြင့် အကျိုးထူးများ ခံစားရပါလိမ့်မည်။ ရန်စွယ်အတိုက်အခိုက်များကို ဖယ်ရှားပေးပြီး ကြာသပတေးဂြိုလ်၏ မိတ်ဖက်ဖြစ်သော အင်္ဂါဂြိုလ်၏ ရတနာဖြစ်သော သန္တာကျောက်နှင့် တွဲဖက်ဝတ်ဆင်ပါက ပို၍အကျိုးထူးပါလိမ့်မည်။ ဥဿဖယားကို ဝတ်ဆင်ခြင်းဖြင့်  သားသမီးထံမှ ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ဥစ္စာဓနတိုးပွားခြင်း၊ ပညာရေး၌ အောင်မြင်ခြင်း၊ မြေယာဝင်ခြင်း၊ အိမ်တွင်းသာယာခြင်း စသည့်အကျိုးတို့ကို ခံစားရပါလိမ့်မည်။ ဥဿဖယားကို မြ၊ စိန်၊ နီလာ၊ ဂေါ်မိတ်၊ ကြောင် အစရှိသော ရတနာများဖြင့် ယှဉ်တွဲပြီး ဝတ်ဆင်ခြင်းကို ရှောင်ရှားသင့်ပါသည်။

သောကြာသားသမီးများ၏ အဓိကအဆောင်ရတနာမှာ စိန်ဖြစ်ပြီး အခြားသော မြ၊ ကြောင်၊ သုံ့ပန်းလှ အစရှိသော ရတနာများကိုလည်း ဝတ်ဆင်နိုင်ပါသည်။ စိန်၏စိုးမိုးဂြိုလ်မှာ သောကြာဂြိုလ်ဖြစ်သည့်အတွက်ကြောင့် သောကြာသားသမီးများသည် စိန်ကို အဆောင်ရတနာအနေဖြင့် ဝတ်ဆင်မည်ဆိုပါက အကျိုးထူးများ ခံစားရပါလိမ့်မည်။ စိန်ကို ဝတ်ဆင်ခြင်းဖြင့် ဆိုးကျိုးများကိုလည်း ချေဖျက်ပေးနိုင်ပါသည်။ မိတ်ဖက်ဖြစ်သော စနေဂြိုလ်၏ရတနာ နီလာနှင့် တွဲဖက်ဝတ်ဆင်ခြင်းဖြင့်လည်း ပို၍အကျိုးဖြစ်ထွန်းစေပါသည်။ စိန်ကို ဝတ်ဆင်ခြင်းဖြင့် သားသမီးများကို အကြောင်းပြု၍ ပျော်ရွှင်ချမ်းမြေ့ခြင်း၊ အသိဉာဏ်ထက်မြက်ခြင်း၊ နာမည်ဂုဏ်သတင်းကျော်ကြားခြင်း၊ ယှဉ်ပြိုင်ရာ၌ အောင်မြင်ခြင်း၊ အိမ်ထောင်ရေးသာယာခြင်း၊ ဂုဏ်ပြုခံရခြင်း၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများနှင့် ပတ်သက်၍ ကျန်းမာစေခြင်း စသည့်အကျိုးထူးများ ခံစားရပါလိမ့်မည်။ စိန်ကို ပတ္တမြား၊ ပုလဲ၊ သန္တာကျောက်တို့ဖြင့် ယှဉ်တွဲ မဝတ်ဆင်ရန် အထူးဂရုပြုသင့်ပါသည်။

စနေသားသမီးများ၏ အဓိကအဆောင်ရတနာမှာ နီလာဖြစ်ပြီး အခြားသော စိန်၊ တာကွိုက်(စ်) အစရှိသော ရတနာများကိုလည်း ဆင်ယင်နိုင်ပါသည်။ နီလာ၏စိုးမိုးဂြိုလ်မှာ စနေဂြိုလ်ဖြစ်သည့်အတွက် စနေသားသမီးများသည် နီလာကို အဆောင်အဖြစ် ဝတ်ဆင်မည်ဆိုပါက အကျိုးထူးခံစားရပါလိမ့်မည်။ မကောင်းသောအန္တရာယ်များကို ချေဖျက်ပေးနိုင်ပြီး မိတ်ဖက်ဖြစ်သော ဗုဒ္ဓဟူးဂြိုလ်၏ရတနာ မြဖြင့် ယှဉ်တွဲ၍ ဝတ်ဆင်ပါက ပို၍သိသာစွာ အကျိုးထူးခံစားရစေပါမည်။ နီလာကိုဆောင်ယောင်ဝတ်ဆင်ခြင်းဖြင့် အိမ်တွင်းရေးပျော်ရွှင်ချမ်းမြေ့ခြင်း၊ အိမ်နှင့် မြေယာဝင်ခြင်း၊ အမိနှင့် သား ပြိုင်တူအောင်မြင်ခြင်း၊ အောက်လက်ငယ်သားများ ရိုသေလေးစားခြင်း၊ ငွေကြေးဥစ္စာချမ်းသာမှုကို ရရှိစေခြင်း၊ လုပ်ငန်းရပ်အားလုံးအောင်မြင်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ နီလာကို ပတ္တမြား၊ ပုလဲ၊ သန္တာ၊ ဥဿဖယားတို့ဖြင့် ယှဉ်တွဲ၍ မဝတ်ဆင်သင့်ပါ။

ဖော်ပြပေးတဲ့အကြောင်းအရာများသည် မိမိတို့နေ့နံအလိုက် ဝတ်ဆင်သင့်သည် အဆောင်ယတြာကျောက်လေးများ အကြောင်းကို ဗဟုသုတပြည့်စုံစွာ ရေးသားပေးထားတာ ဖြစ်ပါတယ်။