ရာသီဖွားအဆောင်ကျောက်

Gemini (သို့မဟုတ်) မေထုန်ရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

gemini gemstone, u hton goldsmith , myanmar

မေလ ၂၁ရက်မှ ဇွန် ၂၀ရက်အတွင်း မွေးဖွားသူများကို မေထုန်ရာသီဖွား (Gemini) များလို့ သတ်မှတ်နိုင်ပါတယ်။ မေထုန်ရာသီဖွားတွေဟာ (၃)ဂဏန်းစွမ်းအားသက်ရောက်မှုရှိပြီး ဗုဒ္ဓဟူးဂြိုလ် (ဝါယော)လေဓာတ်ကြီးစိုးသော ရာသီခွင်ဖြစ်သည်။

မေထုန်ရာသီဖွားတွေဟာ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး ဉာဏ်ရည်ထက်မြတ်သူတွေလည်း ဖြစ်ကြပါတယ်။ ရိုးသားပွင့်လင်းပြီး သူတစ်ပါးအပေါ်ကြင်နာတတ်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ စိတ်နှစ်ခွဖြစ်တတ်ပြီး ဝါသနာပါရာ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်ကြပါတယ်။ သူတို့ရဲ့အကြိုက်ကိုတော့ ကြိုတင်ခန့်မှန်းရခက်ပြီး အပြောင်းအလဲမြန်သူတွေလည်း ဖြစ်ကြပါတယ်။

မေထုန်ရာသီဖွားတွေမှာ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေများပြီး အရာရာကို စူးစမ်းလိုစိတ်များကြပြီး အယုံမလွယ်တတ်သူတွေလည်း ဖြစ်ကြပါတယ်။ မေထုန်ရာသီဖွားတွေဟာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး မျက်နှာသွင်ပြင်ကလည်း စွဲမက်ဖွယ် သွင်ပြင်ရှိကြပါတယ်။ သူတို့အားစိတ်ဓာတ် ကြံခိုင်ပြီး သစ္စာရှိသူတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ စိတ်ဆိုးစိတ်ကောက်လွယ်တဲ့ ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ အခြားသူတွေအပေါ် အစအနောက်သန်ပြီး ဟာသဉာဏ်ရွှင်သူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဖို့ ဝန်လေးတတ်ကြပါတယ်။

မေထုန်ရာသီဖွားတွေဟာ ခရီးထွက်ရတာဝါသနာပါပြီး စာဖတ်ရတာနဲ့ ဂီတာသံစဉ်တွေကို နှစ်ခြိုက်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သင်ယူရတာကို နှစ်သက်ပြီး လုပ်ငန်းခွင်နယ်ပယ်မှာလည်း ကြိုးစားကြသူတွေ ဖြစ်ကြပါတယ်။ သမာရိုးကျလုပ်ရိုးလုပ်ဟန်တွေထက် ကိုယ်ပိုင်ဟန်နဲ့ လုပ်ကိုင်တွေးခေါ်ကြံဆရတာတွေကို သဘောကျကြပါတယ်။ သူတို့ဟာ အရာရာမှာ စိတ်မြန်လက်မြန်ရှိကြပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာတော့ တွေဝေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီဇိုင်နာ၊ စာရေးဆရာ၊ ဂျာနယ်လစ်၊ သရုပ်ဆောင်မင်းသားမင်းသမီးအဖြစ်ကျော်ကြားတဲ့ အနုပညာနဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေ အကျိုးပေးပါတယ်။

အချစ်ရေးနဲ့ပတ်သက်ရင်တော့ အလွန်စန်းပွင့်တတ်ပြီး ရည်းစားလည်း များတတ်ပါတယ်။ ချစ်သူအပေါ်မှာ နွဲ့ဆိုးဆိုးတတ်ပြီး အချော့ကြိုက်ကြတဲ့သူတွေပါ။ သူတို့ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်နှစ်သက်ပြီး ချုပ်ချယ်မှုကိုတော့ မကြိုက်ကြပါဘူး။ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ကုံရာသီနဲ့ ဓနုရာသီဖွားတွေ ဖြစ်ကြပါတယ်။ အကျိုးပေးတဲ့အရောင်တွေကတော့ အစမ်းရောင်နဲ့ အဝါရောင်တွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၅၊ ၇၊ ၁၄၊ ၂၃ တို့ဖြစ်ပါတယ်။ တစ်သက်တာအတွက် ဆောင်ထားသင့်တဲ့ ကံကောင်းစေတဲ့ အဆောင်ကျောက်ကတော့ Agate ဆိုတဲ့ ဌာပနာကျောက်ပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ မေထုန်ရာသီဖွား Gemini လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ သူရဲ့ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။