ဆောင်းပါး, ရွှေအကြောင်းသိကောင်းစရာ

ရွှေရည်အမျိုးမျိုးတို့ရဲ့ ကွာခြားချက်များအကျဉ်းချုပ်

ရွှေချစ်သူအပေါင်းကို စာရေးသူက ဗဟုသုတလေးအဖြစ် ရွှေရည်တစ်ခုချင်းစီရဲ့ အားသာချက်အားနည်းချက်တွေကို ပြောပြပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ ၁၆ပဲရည်(အခေါက်ရွှေ)အကြောင်းလေးပြောပြမယ်နော်။ ခန္ဓာကိုယ်မှာဝတ်ဆင်ဖို့ထက် ရွှေစုချင်သူများအတွက်ကတော့ ၁၆ပဲရည်ဟာလက်ခလေးပေးပြီး  ဝယ်စုထား ရင်အရှုံးလည်းသက်သာမယ် ရွှေဈေးတက်ရင် အမြတ်တောင် ရနိုင်ပါသေးတယ်နော်။ ဒါကတော့ ၁၆ပဲရည်ရဲ့အားသာချက်ပါပဲ။ ၁၆ပဲရည်ရဲ့အားနည်းချက်ကတော့ ရွှေအရမ်းပျော့တာပါပဲ။ ၁၆ပဲရည်ဟာ တစ်ခြားသတ္တုပစ္စည်းတွေနဲ့ ရောစပ်ထားခြင်းလည်းမရှိတာကြောင့် ရွှေအရမ်းပျော့ပြီး ဆန်းသစ်တဲ့ဒီဇိုင်း လှလှလေးတွေပြုလုပ်ဖို့အတွက် မလွယ်ကူပါဘူး။ အရိုးရှင်းဆုံးလေးတွေသာ ပြုလုပ်ဝတ်ဆင် လို့ရပါမယ်။ ဒါကတော့ ၁၆ပဲရည်ရဲ့ အားနည်းချက်ပေါ့နော်။ တကယ်တော့၁၆ပဲရည်ဟာ ဝတ်ဆင်ဖို့ထက်ရွှေစုဖို့ပိုသင့်တော်တဲ့ရွှေရည်မျိုးပဲဖြစ်ပါတယ်။
ရွှေကိုဝတ်ဆင်ရတာ ကြိုက်တဲ့သူတွေ အတွက်ကတော့ ၁၅ပဲရည်ကပိုသင့်တော်ပါတယ်။ ၁၆ပဲကိုကြေး၁ပဲသာစပ်ပြီး အသုံးပြုပေးထား တာကြောင့် ရွှေမာကြောမှုအသင့်အတင့်ရှိပါတယ်။ ၁၆ပဲကိုကြေးတစ်ပဲစပ်ထား လို့ ရွှေရည် မကောင်းဘူး လို့တော့ မထင်လိုက်ပါနဲ့။ ရွှေထဲမှာ သတ္တုပါဝင်မှု နည်းတာကြောင့် ဝတ်ဆင်လို့ကြာရင် အရောင်ကျမှာလဲ မစိုးရိမ်ရပါဘူး။ ရွှေစုဖို့ထက် ဒီဇိုင်းဆန်းဆန်း လှလှလေးတွေ ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ၁၅ပဲရည်က အသင့်တော်ဆုံးပါပဲ။ ခေတ်ပေါ်ဖန်စီ ကျောက်ဒီဇိုင်းလှလှလေးတွေကို ပိုနှစ်သက်ကြတဲ့ ကိုကိုတွေမမတွေအတွက်ကတော့ ၁၄ပဲ၂ပြားက ပိုမိုသင့်တော်ပါတယ်။
ကျောက်သားအထည်လေးတွေကို ၁၅ပဲရည်နဲ့လုပ်ပေးလို့တော့ရပါတယ်။ ဒါပေမယ့် ၁၅ပဲရည်ကရွှေရည်ပျော့လို့စုံကုတ်တွေမခိုင်ပြီး ကျောက်သားတွေပြုတ်မှာကိုတော့ စိုးရိမ်ရပါတယ်….နောက်ဆုံးတစ်ခုဖြစ်တဲ့ ၁၄ပဲ၂ပြားကတော့ ပိုမာပြီးဒီဇိုင်းတွေပိုလှအောင် ကျောက်တွေထည့်တဲ့အခါမှာလည်း စုံကုတ်တွေဖိမိပြီး ပိုမိုခိုင်ခံ့စေပါတယ်။ ဒါ့ကြောင့် ကျောက်သားထည်လေးတွေ ဝတ်ဆင်ရတာသဘောကျတဲ့ သူတွေအတွက်ကတော့ ၁၄ပဲ၂ပြားရည်က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ အခုဆိုရင် ရွှေရည် တစ်ခုချင်းစီရဲ့ ကွာခြားပုံလေးတွေကို သိကြပြီဟုတ်။ အားလုံးပဲ ရွှေထည်များ ဆပွားတိုးနိုင်ကြပါစေ။

0/5 (0 Reviews)