ရာသီဖွားအဆောင်ကျောက်

Capricorn (သို့မဟုတ်) မကာရရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

capricorn gemstone, u hton goldsmith , myanmar

ဒီဇင်ဘာလ (၂၂) ရက်နေ့ မှ ဇန်နဝါရီလ (၁၉) ရက်နေ့အတွင်းမွေးဖွားသူတို့ကို မကာရရာသီဖွား (Capricorn) များဟု သတ်မှတ်နိုင်သည်။ မကာရရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ပထဝီဓာတ် (မြေဓာတ်)ကြီးစိုးပြီး (၈)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။

မကာရရာသီဖွားများသည် ဘာကိုပဲလုပ်လုပ် တာဝန်သိစိတ်အပြည့်ရှိသူများဖြစ်သည်။ စီမံခန့်ခွဲမှုအားကောင်းသူများဖြစ်ကြပြီး မိမိလုပ်ချင်သည့်အလုပ်ကို မဖြစ်ဖြစ်အောင် လုပ်ကိုင်တတ်ကြသည်။ တစ်ခုခုလုပ်တော့မယ်ဆို အရာရာကို ကြိုတင်ပြင်ဆင်ပြီး လေ့လာထားတတ်ကြပါတယ်။ မကာရရာသီဖွားအများစုသည် လက်မှုပညာ အလုပ်အကိုင်များတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ဝါသနာပါကြသည်။

မကာရရာသီဖွားများသည် ယဉ်ကျေးသိမ်မွေ့ပြီး ပေါင်းသင်းဆက်ဆံရေးတွင် ဖော်ရွေ ရိုင်းပင်းသူများဖြစ်ကြသည်။ မိတ်ဆွေသူငယ်ချင်းများအပေါ်မှာတော့ ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်သော်လည်း အခြားသူတွေအပေါ်‌မှာတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုရာမှာ ဝန်လေးတတ်သူတွေ ဖြစ်ကြပါတယ်။ အပေါင်းအသင်းများများစားစားမရှိဘဲ ခင်မင်ရင်းနှီးသူနည်းသူတွေ ဖြစ်ကြပါတယ်။

မကာရရာသီဖွားတွေဟာ ကိုယ်တိုင်ဖရိုဖရဲနေတတ်သော်လည်း သန့်ရှင်းမှုကို ကြိုက်နှစ်သက်ကြပါတယ်။ စိတ်အပြောင်းအလဲမြန်ပြီး အတွေးအခေါ်နက်နဲစွာ တွေးခေါ်တတ်သူတွေ ဖြစ်ကြပါတယ်။ လွတ်လပ်မှုကို နှစ်သက်ပြီး ခေါင်းမာပြီး လက်တွေ့ကျကျ နေထိုင်တတ်ကြပါတယ်။ လောဘနည်းသူတွေဖြစ်ကြပြီး သွားလာလှုပ်ရှားရုန်းကန်ရတာကိုပဲ ကျေနပ်နေသူတွေ ဖြစ်ကြပါတယ်။

မကာရရာသီဖွားအများစုသည် မိမိရဲ့ စိတ်ခံစားချက်ကို ဦးစားပေးတတ်လွန်းတာကြောင့် တစ်ခါတစ်ရံ လူ့ဂွစာလို့ အထင်ခံရတတ်ပါတယ်။ ဒါပေမဲ့ မိမိကိုယ်ကို ကောင်းစွာထိန်းချုပ်နိုင်သူတွေဖြစ်ပြီး မှားမှန်းသိရင်တော့ ချက်ချင်းအမှန်‌ပြင်ဖို့ ဝန်မလေးတတ်သူတွေ ဖြစ်ကြပါတယ်။

မကာရရာသီဖွားတွေဟာ လက်တွေ့ဘဝတွင် သူတစ်ပါးအတွက်ဖြစ်စေ မိသားစုအတွက်ဖြစ်စေ ဘဝကို ရင်းနှီးမြှုပ်နှံကာ အနစ်နာခံတတ်သူတွေဖြစ်ကြပါတယ်။ ဘာသာတရားအလွန်ကိုင်းရှိုင်းသူတွေဖြစ်ကြပြီး ကံကံ၏အကျိုးကိုယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။ အလှူအတန်းရက်ရောပြီး စိတ်ထားကောင်းသူတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့ ကလေးတစ်ယောက်လို တစ်ကိုယ်ကောင်းဆန်တတ်ပြီး စိတ်ကူးလည်းယဉ်တတ်သလို အငြင်းသန်တတ်ကြပါတယ်။ အရာရာကို မျက်မြင်ကိုယ်တွေ့မှ ယုံကြည်တတ်တဲ့ ရာသီဖွားတွေလည်းဖြစ်ပါတယ်။

မကာရရာသီဖွားတွေဟာ စက်မှုလုပ်ငန်း၊ အနုပညာလုပ်ငန်း၊ အလှဖန်တီးရှင်များ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။ အချစ်ရေး အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်ကောင်းနဲ့တွေ့ရတတ်ပြီး အချစ်ကြီးသလောက် အမုန်းလည်းကြီးတတ်သူတွေ ဖြစ်ကြပါတယ်။ ဗြိစ္ဆာရာသီဖွားတွေနဲ့ ကရကဋ်ရာသီဖွားတွေက မကာရရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၈၊ ၁၃၊ ၂၂ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အနက်ရောင်နဲ့ အညိုရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ တန်ဖိုးရှိတဲ့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ပတ္တမြား (Ruby) ကျောက်လေးပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ မကာရရာသီဖွား Capricorn လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲဖြစ်ပါတယ်။