Lifestyle, ဆောင်းပါး

Angel Ring အကြောင်း

angel ring, u hton, myanmar jewelry

ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်တွေကို သတိရလွမ်းဆွတ်မိလား . . . ဒါဆို အိပ်ရာဝင်ပုံပြင်တွေထဲက ကောင်းကင်တမန်တော် အိန်ဂျယ်လေးတွေအကြောင်း တစ်ခါတစ်လေ ပြန်သတိရမိတဲ့အခါ သူတို့ ကိုယ့်အနားမှာရှိပြီး ကိုယ့်ကို စောင့်ရှောက်နေမလား ဆိုတဲ့ အတွေးမျိုး ဝင်လာမိမယ် ထင်ပါတယ်‌နော်။ လွန်ခဲ့တဲ့ရာစုနှစ်များစွာထဲက ကောင်းကင်တမန်တော်လေးတွေရဲ့ ဒဏ္ဍာရီယုံတမ်းစကားပုံပြင်တွေနဲ့ ရင်းနှီးပြီးသား ကျွန်မတို့အတွက် သူတို့ရဲ့သင်္ကေတဖြစ်တဲ့ အတောင်ပံလေးတွေကြောင်းကို သိသလောက် မျှဝေချင်ပါတယ်။

အဆောင်တစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့လက်ဝတ်ရတနာလေးတွေအတွက် ဒီဇိုင်းတစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ကောင်းကင်တမန်တော် အိန်ဂျယ်‌‌လေးတွေရဲ့ အတောင်ပံလေးတွေကို ကိုယ်ပေါ်မှာ ဆင်ယင်လေ့ရှိကြပါတယ်။ အိန်ဂျယ်တောင်ပံပုံ လက်ဝတ်ရတနာလေးတွေမှာ ထူးခြားတဲ့အစွမ်း ရှိလိမ့်မယ်လို့ လူအများစုကတော့ ယုံကြည်ကြပါတယ်။ သူတို့ယုံကြည်သလိုပါပဲ ရှေးခေတ်ကတည်းက အခုခေတ်အချိန်အခါထိ ကောင်းကင်တမန်တော်လေးတွေရဲ့အကြောင်း ဒဏ္ဍာရီတွေ စာအုပ်တွေနဲ့ ရုင်ရှင်ဇာတ်လမ်းတွေထဲမှာ သူတို့ရဲ့ ကိုယ်ပိုင်ထူးခြားချက်လေးတွေကို လေ့လာနိုင်ပါတယ်။ သူတို့အတောင်ပံလေးတွေရဲ့အဓိပ္ပာယ်ကတော့ ရိုးရှင်းပြီး စိတ်ဝင်စားဖို့ တကယ်ပဲ ကောင်းပါတယ်။ သူတို့သ‌င်္ကေတရဲ့ အဓိပ္ပာယ်လေးတွေကတော့ ကာကွယ်မှု (Protection)၊ ချစ်ခြင်းမေတ္တာ (Love) နှင့် သဟဇာတဖြစ်မှု (Harmony) တို့ပဲ ဖြစ်ပါတယ်။ အိန်ဂျယ်တောင်ပံလေးတွေကို ဆင်ယင်ဝတ်ဆင်ခြင်းက ဖက်ရှင်တစ်ခု‌အနေနဲ့ သာမကဘဲ ကိုယ့်စိတ်နှလုံးအတွက် တကယ်ပဲ လုံခြုံမှုပေးနိုင်ကြမယ်လို့ မသိစိတ်ရဲ့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့လဲ အခုထိ ယုံကြည်သူတွေလည်း ရှိနေဆဲပါ။ သူတို့အတောင်ပံလေးတွေနဲ့ နားကပ်တွေ လည်ဆွဲတွေ လက်စွပ်လေးတွေ အစရှိတဲ့ လက်ဝတ်ရတနာဒီဇိုင်းလေးတွေကို ကိုယ်တိုင်ဝတ်ဆင်ဖို့ပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူ တစ်ယောက်ကို လက်ဆောင်အဖြစ်ပေးမယ်ဆိုရင်လည်း ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ပြဖို့အတွက်နဲ့ ကိုယ်က သူ့အပေါ် အကာအကွယ်‌ပေးနေတယ်ဆိုတဲ့ ထူးခြားတဲ့ အကောင်းဆုံး လက်ဆောင်တစ်ခုအနေနဲ့ ပုံဖော်နိုင်မှာပါ။

ခေတ်ရေစီးကြောင်းက တစ်ချိန်လုံး ပြောင်းလဲနေတဲ့အတွက် ကောင်းကင်တမန်တော်လေးတွေရဲ့ အတောင်ပံနဲ့ လက်ဝတ်ရတနာဒီဇိုင်းလေးတွေက မှေးမှိန်ခဲ့ကြရပါတယ်။ ဒါပေမယ့် ဆန်းသစ်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ သူတို့ရဲ့ ဒီဇိုင်းလေးတွေကို ဆန်းသစ်တီထွင်လာကြမှုနဲ့အတူ ပြန်လည် ခေတ်ဆန်းလာပြီ ဖြစ်ပါတယ်။ သူတို့ဒီဇိုင်းရဲ့ ရိုးရှင်းမှုက ထူးခြားတဲ့ဟန်တစ်ခုအဖြစ် သင့်အတွက် သီးသန့်ကိုယ်ပိုင်ဟန်တစ်ခုဖြစ်မယ်ဆိုတာ မလွဲပါဘူးနော်။